ဆော၊ စက်တင်ဘာ ၂၈၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ငှက်ချောင်ကျေးရွာကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီး (၂) ဦးသေဆုံးပြီး (၆) ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ (၂၇) ရက်န ယမန်နေ့ ညနေ (၄) နာရီကျော်ခန့်မှာ မကွေးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာက ငှက်ချောင်ကျေးရွာကို ဗုံး (၃) လုံး၊ ကျင်းလိမ်ကျေးရွာကို (၂) လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။

“ငှက်ချောင်က ရွာစွန်ကိုကျလို့ ခုလောက်သက်သာသွားတာ။ ပေါင် ၁၅၀ ဗုံးမို့ပဲ။ ရွာလယ်လောက် အိမ်ခပ်စိပ်စိပ်နေရာမျိုးဆို မချောင်ဘူး။ ကျင်းလိမ်က ရွာပြင်ကျလို့ အထိခိုက်မရှိဘူး။ ငှက်ချောင်က စစ်ရေးမရှိလို့ စစ်ရှောင်တွေသွားနေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် ငှက်ချောင်ရွာသားတွေဖြစ်တဲ့ အသက် (၂၂) နှစ်အရွယ်နဲ့ အသက် (၄၅) နှစ်အရွယ် အမျိုးသမီး (၂) ဦးဟာ နေရာမှာပင် သေဆုံးသွားတယ်လို့ သိရပါတယ်။


ဒါ့အပြင် အသက် (၁၀) နှစ်အရွယ် မိန်းကလေးငယ်နဲ့ အသက် (၄၀) ကနေ (၅၀) ကြားအရွယ်ရှိ အမျိုးသမီး (၃) ဦးနဲ့ အမျိုးသား (၂) ဦးဒဏ်ရာရခဲ့ပြီး နေအိမ် (၃) လုံးလည်းပျက်စီးခဲ့တယ်လို ဆိုပါတယ်။
ဗုံးကြဲခံရပြီးနောက် ကျေးရွာထဲ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေနဲ့ ရွာခံတွေပါ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ (၁၅) ရက်နေ့ကလည်း ဆောမြို့နယ်၊ သီးကုန်းကျေးရွာ တောစပ်မှာ စစ်တပ်ကြဲချတဲ့ ဒရုန်းဗုံးထိမှန်လို့ စစ်ရှောင်ပြည်သူ (၃) ဦးသေဆုံးတယ်လို့ သိရပါတယ်။
စာတည်း-စိုးဦး