ကလေး၊ စက်တင်ဘာ ၂၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်မှာ မီးလောင်လို့ ကလေးငယ် (၁) ဦးအပါအဝင် (၃) ဦး သေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေဆီက သိရပါတယ်။
ယမန်နေ့ စက်တင်ဘာလ (၂၁) ရက်နေ့ ည (၁၁) နာရီခန့်မှာ တပ်ဦးသီတာရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ကမ္ဘာ့ရတနာဘဏ်ဘေးရှိ နေအိမ်တလုံးမှာ ဆိုလာနဲ့ ဘထ္ထရီ ဆက်သွယ်ထားတဲ့နေရာကနေ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“သေတာက အမျိုးသမီးတွေကြီးပဲ ကလေးတယောက်ပါတယ်။ သူတို့ကျ မီးလောင်လောင်ချင်းမသိလို့ အောက်ဆီဂျင်ပြတ်ပြီး ဆုံးတာဖြစ်နိုင်တယ်။ ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေတော့ နည်းနည်းပါးပါးရှိတယ်။ ကြမ်းပြင်တော မီးမကူးသေးဘူး”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက ပြောပါတယ်။
မီးလောင်တာကြောင့် အသက် (၁၁) နှစ်အရွယ် မိန်းကလေးငယ် တဦး၊ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး သူတို့ရုပ်အလောင်တွေကိုတော့ ကလေးမြို့ ပြည်သူ့ဆေးရုံကို မြို့ခံလူမှုကူညီရေးအသင်းတွေက ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် ကပ်လျက် ဘဏ်နဲ့နေအိမ် ၂ လုံးလည်း အနည်းငယ် ပျက်စီးတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့နေရာကို ကလေးခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံ လူမှုကူညီရေးအသင်း တွေအပြင် ရပ်ကွက်နေပြည်သူတွေကကလည်းမီးလောင်ပြီး တနာရီခန့်အကြာမှာ မီးငြိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
စာတည်း-စိုးဦး