မြေလတ်အသံ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆။
မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လကစလို့ ဝက်စျေးထိုးကျသွားတာကြောင့် ဝက်မွေးမြူရေးသမားတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
အထူးသဖြင့် အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ဘေးရှောင််ဖို့ထွက်ပြေးရချိန်တွေမှာ တပိုင်တနိုင်မွေးမြူထားတဲ့ဝက်တွေနဲ့ စီးပွားဖြစ်မွေးမြူရေးဝက်တွေကို ထားခဲ့ရတာကြောင့် ပေါက်စျေးထက်လျော့ရောင်းနေရလို့ ဝက်စျေးတွေထိုးကျသလို ပြီးခဲ့တဲ့ဩဂုတ်လက ရန်ကုန်မှာ ဝက်ကြောင့်ဖြစ်တယ်လို့ လူပြောများနေတဲ့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေကြောင့်လည်း အခုလိုဝက်စျေး ထိုးကျလာတာလို့ ဝက်မွေးမြူရေးသမားတဦးက မြေလတ်အသံကို ပြောပါတယ်။
“ဝက်စျေးက ဘယ်တုန်းက စကျလဲဆိုတော့ ကျနော်တို့ဖက်မှာ ရန်ကုန်က ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့ကိစ္စလည်း တချက်ပါမယ်။ သူတို့က ဝက်ကလာတယ်လို့ အသံစကြားတော့ ဒီဖက်ကလည်း ဝက်စျေး လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာတယ်။ ပြီးတော့ စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့အခါမှာ ဝက်မွေးမြူရေးသမားတွေက ဝက်တွေကို ရွှေ့ပြောင်းရတာ မလွယ်ကူတာရောပေါ့။ နွားတို့ ဆိတ်တို့လို မောင်းသွားလို့ရတဲ့အမျိုးမဟုတ်တော့ ဝက်က ရွှေ့ပြောင်းရတာ မလွယ်တော့ ရတဲ့စျေးနဲ့ပဲထိုးရောင်းတော့ ဝက်စျေးက စျေးကွက်ပျက်တဲ့ သဘောမျိုး ဖြစ်သွားတာပေါ့။” လို့ ဝက်မွေးမြူရေးသမားတဦးက ဆိုပါတယ်။
အညာဒေသမှာ ဝက်စျေးတွေအရှုံးပေါ်လို့ ဝက်မွေးမြူသူတွေ နည်းပါးလာနိုင်ပြီး ဩဂုတ်လလယ်အထိ ဝက်သားကျ(ဝက်ပေါက်) ၁ ကောင်ကို ကျပ် ၂ သိန်းခွဲလောက် ပေးဝယ်ခဲ့ရသော်လည်း အဲဒီနောက်ပိုင်း ဝက်ပေါက် ၃ ကောင်မှ ၁ သိန်း ကျပ်လောက်အထိ စျေးကျသွားတာလို့ သိရပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးတဲ့ဒေသတွေနဲ့ ရောဂါဖြစ်တဲ့ဒေသတွေမှာ မွေးမြူရေးသမားတွေက ရောင်းလိုအား များနေတာကြောင့် စစ်ကြောင်းမထိုး ဝက်ရောဂါမဖြစ်တဲ့ဒေသတွေအထိ စျေးနှိမ်ခံရတဲ့အခြေအနေကို ရောက်လာတာလို့ သူကဆိုပါတယ်။
ဝက်မွေးမြူရာမှာ ဝက်ကို ရောင်းတန်းဝင်တဲ့အရွယ်အထိ ၈ လခန့် ကြာမြင့်ပြီး CP ဝက်စာ ၁ အိတ်ကို ၁ သိန်း ၃ သောင်းခွဲ ပေးဝယ်နေရတာတွေကြောင့်လည်းပါတယ်လို့ ပြောပါတယ်။
“အစာ စရိတ်စက ကြီးမားတာနဲ့ ကျနော်တို့ ရောင်းတဲ့အချိန်မှာ စျေးမရတာနဲ့ဆိုတော့ မွေးမြူရေးသမားတွေအတွက် တော်တော် အကျပ်အတည်း ဖြစ်ပါတယ်။ နောက်တခုက စစ်ရေးအခြေအနေ မတည်မငြိမ် ဖြစ်တဲ့အခါမှာလည်း ဝက်ဆိုတော့ ပြောင်းရွှေ့ရခက်ခဲတဲ့ဟာတွေ၊ ဝက်မွေးမြူရေးသမားတွေအတွက် တော်တော် ဒုက္ခရောက်တဲ့ အခြေအနေပေါ့” လို့ ဝက်မွေးမြူရေးသမားက ဆိုပါတယ်။
အညာဒေသမှာတော့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေ၊ စက်သုံးဆီစျေးမြင့်တက်မှုအပြင် မြို့ပေါ်မှာ တခြားအလုပ်အကိုင်တွေ သွားလုပ်ရင် ပေါ်တာဆွဲခံရမှာကြောက်တာတွေကြောင့် အိမ်မှာနေရင်း တနိုင်တပိုင်ဝက်မွေးမြူသူတွေ ပိုများလာတာဖြစ်ပြီး အခုလို စျေးမကောင်းတာကြောင့် ဆက်လက်မွေးမြူဖို့ စဉ်းစားစရာဖြစ်လာတယ်လို့ သူက ဆက်ပြောပါတယ်။
“ဝက်မွေးတယ်ဆိုတာတော့ တခြားလုပ်စရာလည်း မရှိတော့လို့ပေါ့ဗျာ။ တခြားလုပ်စရာမရှိတော့ဘူးပေါ့၊ မြို့ပေါ်ထွက်ပြီးတော့ အလုပ်လုပ်ရမယ်ဆိုရင်လည်း စစ်ကောင်စီက စစ်မှုထမ်း ပေါ်တာဆွဲတာရော၊ သွားရေးလာရေး ခက်ခဲတာရော၊ ကျနော်တို့ဖက်မှာဆိုရင် လုပ်သားတော်တော်များများက ပန်းရံ၊ လက်သမား၊ သံချည်သံကွေးပေါ့၊ ဒါမျိုးပဲများတော့ ဆီစျေး စာရိတ်စက ရှိမယ်။ ပေါ်တာဆွဲတာ ခံရမှာ ကြောက်ရတာ တချက်ပေါ့။ ဒါကြောင့်မို့ ဘယ်မှလည်း မသွားဖြစ်၊ ကိုယ့်ဒေသ၊ ကိုယ်ရပ်ရွာမှာပဲ ဝက်မွေးမြူရေးက လုပ်ဖြစ်ကြတာ ပို့များလာတယ်။ အရင်ကထက် စာရင်ပေါ့။ ဒါပေမယ့် အခု စျေးမကောင်းတော့ကျ တချက်စဉ်းစားစရာ ဖြစ်လာတယ်။”
တည်းဖြတ် – M