မကွေး၊ စက်တင်ဘာ ၁၉၊ ၂၀၂၆။
မကွေးမြို့ကနေ ယောဒေသဘက်ကို အင်အားထောင်ကျော်ပါစစ်တပ်စစ်ကြောင်းက ဦးတည်စစ်ကြောင်းထိုး လာနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၉ ရက် ဒီမနက် ၆ နာရီခန့်ကစတင်ပြီး တပ်မ ၈၈ လက်အောက်ခံတပ်တွေ စုပေါင်းထားတဲ့ အင်အား ၁၅၀၀ ဝန်းကျင်ပါ ကားအစီးရေ ၁၈၀ ကျော်ဟာ မကွေး-ပွင့်ဖြူ-စလင်းလမ်းမကြီးအတိုင်း ထွက်ခွာလာနေတယ်လို့ ဆိုပါတယ်။
“မနက် ၁၀ နာရီကျော်လောက်မှာ ပွင့်ဖြူကိုဖြတ်ပြီး။ စလင်းတော့မရောက်သေးဘူး။ ၁၀၈ စီးတော့ဖြတ်ပြီး။ တင့်ကားတွေလည်းပါတယ်။ ကြားဖြတ်တိုက်ဖို့လည်း မလွယ်တော့ အဲ့ဘက်က အဖွဲ့တွေမလုပ်ကြဘူးနေမယ်။ ဒီဘက်ခြမ်းမှာလည်း ခြုံခိုတိုက်ခိုက်ဖို့မလွယ်ဘူး။ လယ်ကွင်းတွေ ပြည်သူနေအိမ်တွေပဲရှိတာ”လို့ စလင်းပကဖတာဝန်ရှိသူက ပြောပါတယ်။

ပွင့်ဖြူနဲ့စလင်းကြား မိန်းလမ်းမကြီးတလျှောက်မှာလည်း ပွင့်ဖြူနယ်အတွင်းက ပျုစောထီးအဖွဲ့တွေက ကင်းပုန်းချပြီး လမ်းကင်းလုံခြုံရေးယူပေးထားတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ယာဥ်တန်းဟာ စလင်းမှတဆင့် ဆောနယ်ဘက်ထိတက်လာနိုင်မယ့် စစ်ကြောင်းဖြစ်နိုင်ပြီး မကွေးမှ စလင်းရောက်တဲ့အထိ ကြားဖြတ်တိုက်ခိုက်ခံရမှုမရှိသေးဘူးလို့ သိရပါတယ်။
ယာဥ်တန်းအတွင်း ပြောင်း ၄ ခု၊ မစ်ဇိုင်းလက်နက်ကြီးတင်ဆောင်ထားသည့် ကား ၄ စီး၊ ပြောင်း ၁၂ ခု၊ မစ်ဇိုင်းကား ၂ စီး၊ ဟောင်ဝှစ်ဇာဟု ယူဆရသည့် လက်နက်ကြီးတင်ဆောင်ထားသည့် ကား ၃ စီး၊ ဒရုန်းမျိုးစုံ တင်ဆောင်ထားသည့်ကား ၄ စီး၊ ကားတန်းအလယ်မှ စစ်တပ်အရာရှိကြီးများ လိုက်ပါလာသည့် အနက်ရောင် အိမ်စီးကား ၁ စီးနဲ့ ရိက္ခာ၊ အခြားလက်နက်ခဲယမ်းများ တင်ဆောင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဆိုပါစစ်ကားတန်းဟာ လောင်းရှည်အခြေစိုက် ကပစ ၂၅ နဲ့ လောင်းရှည်မြို့အထိရောက်လာနိုင်ပြီး အဲ့ဒီကနေ ချင်းပြည်နယ်တောင်ပိုင်း ကျင်းဒွေး၊ ကန်ပက်လက်၊ ဆော စတဲ့မြို့တွေကိုလည်း စစ်ရေးလှုပ်ရှားလာနိုင်တယ်လို့ စလင်းပကဖတာဝန်ရှိသူကပြောပါတယ်။
အဆိုပါယာဥ်တန်းတက်လာနိုင်ဖို့ လောင်းရှည်နဲ့ စေတုတ္တရာလမ်းပိုင်းမှာလည်း လောင်းရှည်ကနေထွက်လာတဲ့ အင်အား ၂၀၀ ကျော်ပါစစ်ကြောင်းက တောင်ဘိုကြီးရွာအပါအဝင် လမ်းပိုင်းတလျှောက် ကင်းယူပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကတည်းက စစ်အင်အားထောင်ချီကို မကွေးဘက်ကနေတဆင့် ဆော အဲ့ဒီကမှတဆင့် ချင်းပြည်နယ်အတွင်းကို အကြိမ်ကြိမ်ပို့ဆောင်နေပြီး ထိုးစစ်ဆင်နေတာလို့ယောအလင်းတန်းတာဝန်ရှိသူဆီက သိရပါတယ်။