မြင်းခြံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကလေး ၂ ယောက်မိခင် အသက် ၃၃ နှစ်အရွယ် မုဆိုးမတဦး သေဆုံးကာ၊ တခြား ၂ ဦးလည်း ဒဏ်ရာရတယ်လို့ ရွာခံတွေထံက သိရပါတယ်။
စက်တင်ဘာလ ၁၆ ရက်နေညနေ ၅ နာရီကျော်မှာ မြင်းခြံမြို့အခြေစိုက် ခမရ ၁၅ တပ်မှ လက်နက်ကြီးတလုံးပစ်ခတ်ခဲ့ရာ ကျေးရွာအနောက်ခြမ်းပြည်သူနေအိမ်နား ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးထိမှန်လို့ အသက် ၃၃ နှစ်အရွယ် မဇင်မာစိုးမှာ နေရာမှာပင်သေဆုံးကာ၊ အသက် ၅၀ အရွယ် မနီနဲ့ အသက် ၂၀ အရွယ် မဝါဝါနွယ်တို့ဒဏ်ရာရသွားပါတယ်။
“သေသူက အိမ်ရှေ့မှာ ဆေးလိပ် လိပ်နေတာ။ သူတို့ရဲ့အရှေ့မြောက်ဘက်နားလေးက အိမ်မှာလည်း သွပ်ဖောက်ပြီးတော့ ဝင်တဲ့အစကလဲ ကလေးမလေးတယောက်ခေါင်းထိတယ်။ နောက်တယောက်ကလည်း အစက နဘေးမှန်တာရှိသေးတယ်”လို့ ရွာခံတဦးကပြောပါတယ်။
စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူ မဇင်မာစိုးမှာ အသက် ၁၀ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးနှစ်ယောက်ကျန်ရစ်ခဲ့ပြီး၊ သူမရဲ့ ဖခင်ဖြစ်သူမှာလည်း ၂၀၂၃ ခုနှစ်က ကျေးရွာထဲ စစ်တပ်က ဝင်ရောက်ပစ်ခတ်စဥ် သေဆုံးခဲ့ရသလို သူမရဲ့ အမျိုးသားမှာလည်း သေဆုံးသွားသူတွေကို နာရေးအတွက်ကူညီလုပ်ကိုင်ပေးရင်း ဒဏ်ရာကို မေးခိုင်ပိုးဝင်ကာ သေဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် မဇင်မာစိုးနေအိမ်အရှေ့ရေကန်နဲ့ နေအိမ်တလုံး ပျက်စီးမှုရှိပြီး သေဆုံးသူကိုတော့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ သဂြိုလ်မှာဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ နီးစပ်ရာဆေးခန်းမှာ ဆေးကုသနေရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကလည်း မလှိုင်မြို့နယ်၊ ဆည်ကွဲကျေးရွာမှာ စစ်တပ်ဒရုန်းကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
Photo – Google Earth