မင်းတုန်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၆။
သရက်ခရိုင်တပ်ရင်း ၄ က ရဲဘော် ၆ ဦးဟာ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတယ်လို့ သက်ဆိုင်ရာ တပ်ရင်းဘက်က စက်တင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဘက်ပြောင်းသွားသူတွေကတော့ ရန်ပိုင်စိုး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်၊ သူထူးစံတို့ ၆ ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတာလို့ ဆိုပါတယ်။
“၆ ဦးစလုံးတပြိုင်နက်တည်းပြေးတာမဟုတ်ဘူး။ ရဲဘော်ပိုင်လေးက အရင်ဆုံးပြေးတယ်။ ပြီးတော့ ကျန်တဲ့ ၅ ဦးကို စည်းရုံးပြီး ထပ်ခေါ်တာ။ ရှေ့တန်းမှာ တာဝန်ပေးထားချိန် ပြေးကြတာ။ သူတို့ပြေးပြီးနောက်ပိုင်း မင်းတုန်းနယ်ထဲ စစ်ကြောင်းဝင်နေတာတော့ရှိတယ်”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
စစ်တပ်ဘက် ဘက်ပြောင်းသွားသူတွေဟာ မြေပြင်အခြေနေစစ်ရေးပြင်းထန်လာမှု၊ ရှေ့ကအညံ့ခံသွားသူတွေက စည်းရုံးမှု၊ စစ်တပ်က ဝါဒဖြန့်ချီမှုတွေနဲ့ စိတ်ဓာတ်မခိုင်မာမှုတွေကြောင့် ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်တပ်ဘက် ဘက်ပြောင်းသွားသူတွေကနေပြီး လက်ရှိ တပ်ရင်းမှာ ကျန်နေသူတွေနဲ့ မိတ်ဖက်အဖွဲ့တွေက ရဲဘော်တွေကို စစ်တပ်ဘက် ဘက်ပြောင်းဖို့ ဖုန်းတွေထဲကနေတဆင့် ဆက်သွယ်စည်းရုံးနေတာတွေလည်းရှိတယ်လို့သိရပါတယ်။
သူတို့ ၆ ဦးစစ်တပ်ဘက် ဘက်ပြောင်းသွားချိန် လက်နက်အချို့လည်းပါသွားပြီး လက်နက်အရေအတွက်ကိုတော့ သက်ဆိုင်ရာ တပ်ရင်းဘက်က ထုတ်မပြောပါဘူး။
ယခု စစ်တပ်ဘက် ဘက်ပြောင်းသွားသူတွေက ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေအတွင်းမှာ သရက်ခရိုင်တပ်ရင်း ၄ ထံ ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်ကို သရက်ခရိုင်တပ်ရင်း ၄ က ရဲဘော် ၆ ဦးဘက်ပြောင်းတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ အတွင်းကလည်း ရဲဘော် ၉ ဦး စစ်တပ်ဘက် ဘက်ပြောင်းသွားတာမျိုးလည်းရှိခဲ့သေးတယ်လို့ သိရပါတယ်။