သားအဖနှစ်ဦးကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ရာမှာပါဝင်တဲ့ ပျူစောထီးကို ဖမ်းမိ

0 9
0 9

■ စစ်အုပ်စုစစ်ကြောင်းထွက်ရင်း လူထုဆီက ရွှေ၊ ငွေနဲ့ ရသ၍ပစ္စည်းတွေကို ခွဲဝေယူရကြောင်းဝန်ခံ

နတ်မောက်၊ စက်တင်ဘာ ၁၃၊ ၂၀၂၆။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ ပျူစောထီးတဦးကို နတ်မောက်ပကဖနဲ့ အမှတ် ၉၀၃ ဂဠုန် PDF တို့ပေါင်းကာ စက်တင်ဘာ ၅ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

နတ်မောက်မြို့နယ်၊ သရက်ချဉ်လေးရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်ဝန်းကျင် ကရေ(ခ)စောခိုင်လေးထူးဆိုသူဖြစ်ပြီး သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ဥပဒေအရအရေးယူသွားမယ်လို့ နတ်မောက်မြို့နယ်ပကဖ က စက်တင်ဘာ ၁၂ ရက် မနေ့ညနေက သတင်းထုတ်ပြန်ထားပါတယ်။

“သူက ခွေး(စစ်)ကြောင်းရှေ့ကနေ ရှေ့ပြေး သတင်းထောက်အနေနဲ့ သတင်းထွက်ယူတာပါ။ သစ်လှကျင်းရွာနားမှာ ဖမ်းမိတာပါ။ ဥပဒေအရ အရေးယူမှာပါ” လို့ နတ်မောက်မြို့နယ်ပကဖ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

နတ်မောက် ပကဖရဲ့ ထုတ်ပြန်ချက်မှာ စောခိုင်လေးထူးကို မေးမြန်းထားတဲ့ ရုပ်သံဖိုင်မှာတော့ “သူတို့က ရှို့ရှို့ဆိုလို့ ရှို့ရတယ်။ ဝိုင်းရှို့ခိုင်းတာ စစ်ကြောင်းမှူးနာမည်တော့မသိဘူး။ သူတို့ ခိုင်းတာပဲလုပ်ရတာ၊ ကျနော်တို့က ဟိုဘက်အဖွဲ့ကဆိုတော့ သူတို့နဲ့ ချိတ်တွဲသွားလိုက်လို့ သူတို့က ခိုင်းတာ။ ကျနော်တို့က မရှို့ရက်ပါဘူး မရှို့လည်း ကိုယ့်ကို ပြဿနာရှာမှာစိုးလို့ ကိုင်းဟ အဆိုပြီး ရှို့ပစ်လိုက်တာ ကျနော်တို့က နောက်ကလိုက်ရှို့တာ မသေသေးပဲရှို့လိုက်ကာ အရှင်လတ်လတ် မီးရှို့လိုက်တာ” လို့ ထွက်ဆိုထားတာကို တွေ့ရပါတယ်။

စောခိုင်လေးထူးဟာ နတ်မောက်အရှေ့ခြမ်းက သစ်လှကျင်း၊ ဝင်အူ၊ ကျောက်ချော၊ ကနောင်းကုန်း သပ္ပန်းကုန်းနဲ့ ဖက်တောရ စတဲ့ရွာတွေမှာ သူတောင်းစား၊ ဈေးဝယ်ဈေးရောင်းနဲ့ သစ်ဆွဲသမား (သစ်ဖြတ်/သစ်ခွဲသမားအဖြစ်) ပုံသဏ္ဍန်အမျိုးမျိုးနဲ့ တော်လှန်ရေးအင်အားစုတွေအကြောင်းကို စုံစမ်းပြီး နတ်မောက်အရှေ့​ခြမ်းက စစ်တပ်စစ်ကြောင်းတွေမှာ လိုက်ပါခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် နတ်မောက်မြို့နယ် စမ်းကုန်းရွာက ဦးစံမောင်တို့သားအဖကို မီးရှို့သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့အပြင် ပွင့်ဖြူစစ်ကြောင်းမှာလည်း ပြည်သူတွေဆီက ရွှေငွေပစ္စည်း ရသ၍ကို မျှဝေယူစနစ်နဲ့ လိုက်ပါခဲ့တယ်လို့လည်း ဝန်ခံခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စောခိုင်လေးထူးဟာ နတ်မောက်မြို့ ရွာတော်စစ်ကော်မရှင်ဂိတ်ကနေ ခရီးသွားပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသူတဦးဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း အခုလို လျှို့ဝှက်ဝင်ရောက်လာသူတွေကို မခန့်မှန်းနိုင်တဲ့အတွက် အထူးဂရုစိုက်နေကြဖို့လည်း နတ်မောက်မြို့နယ်ပကဖ က သတိပေးထားပါတယ်။

စောခိုင်လေးထူး ပါဝင်ခဲ့တဲ့ သားအဖနှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဟာ အခုနှစ် ဇန်နဝါရီ ၂၅ ရက်ကဖြစ်ပြီး အသက် ၅၃ နှစ်အရွယ် ဦးစံမောင်နဲ့ အသက် ၂၁ နှစ်အရွယ် မောင်နိုင်လင်းမောင်တို့ကို သူတို့နေထိုင်တဲ့ စမ်းကုန်းရွာအိမ်မှာပဲ ရွာမွန်ရွာမှာအထိုင်ချထားတဲ့ စစ်ကြောင်းက အင်အား ၄၀ ဦးလောက်နဲ့ ဝင်ရောက်အဖမ်းခံရကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သော်တာအောင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။