ကျောက်ပန်းတောင်းမှာ (၁) လအတွင်း အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေအပါ (၄) ဦး ဖမ်းဆီးခံရ

0 1
0 1

◾️အုပ်ချုပ်ရေးမှူးကိုဖမ်းချိန် သားမက်ဖြစ်သူကိုလည်း ဖမ်းသွား

ကျောက်ပန်းတောင်း၊ ဩဂုတ် ၂၈၊ ၂၀၂၆။

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ (၁)လအတွင်း အုပ်ချုပ်ရေးမှူး (၁) ဦးနဲ့ ရာအိမ်မှူး ၂ ဦးအပါ စုစုပေါင်း ၄ ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်က အသက် (၆၆) နှစ်ဝန်းကျင် ဦးမောင်ဆန်း ကို ဩဂုတ်လ (၂၅) ရက် ည (၉) နာရီခန့်က နေအိမ်ကနေဖမ်းဆီးသွားခဲ့ပြီး လယ်ယားအုပ်စု၊ တောင်ချေရွာ ရာအိမ်မှူး(တာဝန်ခံ) အသက် (၆၃) နှစ်အရွယ် ဦးလှညွှန့် နဲ့ ကြံစို့ရွာက အသက် (၆၇) နှစ်အရွယ် ဦးမောင်တိုး တို့ကိုလည်း ဩဂုတ်လ (၁၄) ရက် မနက် (၈) နာရီခွဲလောက်မှာ တောင်ချေရွာကနေ ဆိုင်ကယ်နဲ့ ထွက်လာချိန် အင်းခေါင်းရွာအနီးအရောက်မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဘူတာအုပ်ချုပ်ရေးမှူးကိုဖမ်းဆီးချိန်မှာ သားမက်ဖြစ်သူ ကိုအောင်ပြည့်သော်ကိုလည်းဖမ်းဆီးသွားခဲ့သလို ဦးမောင်ဆန်း ပိုင် HONDA 110 အမျိုးအစားမော်တော်ဆိုင်ကယ်ကိုလည်း ယူဆောင်သွားတယ်လို့ စစ်အစိုးရရဲမှတ်တမ်းတွေက ဖော်ပြထားပါတယ်။

“အုပ်ချုပ်ရေးမှူး နဲ့ တာဝန်ခံ(ရာအိမ်မှူး) ၂ ဦးဖမ်းဆီးခံရတာ ဟုတ်ပါတယ်။ အခုထိတော့ အားလုံးကပြန်မလွတ်သေးဘူး။ ဦးပခန်းညိုဆိုရင် သိန်း၂၅၀ တောင်းလို့ ပေးပြီးတာကို ထပ်တောင်းတာ မပေးနိုင်လို့ သူ့မိသားစုက အိမ်နဲ့ခြံရောင်းပြီး ပြောင်းသွားပြီ” လို့ ကျောက်ပန်းတောင်းမြို့ခံတဦးက ပြောပါတယ်။

လက်ပံအိုင့်အုပ်စု အုပ်ချုပ်ရေးမှူး အသက် (၇၃) နှစ်အရွယ် ဦးပခန်းညိုကိုတော့ဇွန်လ (၁၅) ရက် မနက် (၉) နာရီလောက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဇွန်လ (၁၇) ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး “စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးတွေကိုဖမ်းတာနဲ့ပတ်သက်ပြီး ဘာမှ မှတ်ချက်မပေးလိုပါဘူး၊ အရပ်သားတွေကိုဖမ်းတာမျိုးတော့ မလုပ်စေချင်ဘူး” လို့ ကျောက်ပန်းတောင်းမြို့ခံတစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်မွန်းလွဲပိုင်းက ကျောက်ပန်းတောင်းမြို့ ပုပ္ပါးတောင်ခြေရှိ Popa Garden Resort မှာ တည်းခိုပြီး အလည်အပတ်ထွက်ချိန် ဖမ်းဆီးခံရတဲ့ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဖမ်းဆီးသူတွေဆီက လွှဲပြောင်းယူကာ ပြီးခဲ့တဲ့ တပါတ်လောက်က ညောင်ဦးခရိုင် ပကဖ ကပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တရားဝင်ထုတ်ပြန်တာမျိုးတော့ မတွေ့ရပါဘူး။

သတင်း-သော်တာအောင်၊ စာတည်း-စိုးဦး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။