ညောင်ဦး၊ ဩဂုတ် ၂၈၊ ၂၀၂၆။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းဝကျေးရွာမှာ ကျောင်းကပြန်လာတဲ့ ညီအကို ၂ ဦး မိုင်းထိလို့ ညီဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
မိုင်းထိသေဆုံးသူဟာ ချောင်းဝကျေးရွာနေ G3 ကျောင်းသား အသက် ၇ နှစ်အရွယ် မောင်ကောင်းပြည့်စုံ ဖြစ်ပြီး ဒဏ်ရာရသူမှာအကိုဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်ထွန်းမင်းအောင် တို့ဖြစ်ကာ ဩဂုတ်လ (၂၆) ရက်နေ့ ညနေပိုင်းမှာ ကျောင်းကပြန်လာချိန် လမ်းသွားရင်း မိုင်းထိခဲ့တာလို့ ဆိုပါတယ်။
“ကလေးတွေက ကျောင်းကပြန်လာတဲ့ အချိန် ရွာမှာ မိုင်းထိတာလို့ သိရတယ်။ ၂၃ ရက်နေ့ကတည်းက ခ–တွေက ရွာထဲ ထိုင်နေတာ။ ဝင်လိုက်ထွက်လိုက်နဲ့ အဲနား PDF တော့မရှိဘူး။ ဒါပေမယ့် ဘယ်သူထောင်တဲ့ မိုင်းလဲဆိုတာတော့ မသိရသေးဘူး” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
မိုင်းထိလို့ မောင်ကောင်းပြည့်စုံမှာ ခြေထောက်နှစ်ချောင်းပြတ်တောက်၊ ခန္တာကိုယ်နဲ့မျက်နှာတွေမှာ မိုင်းစမှန်ဒဏ်ရာနဲ့နေရာမှာပင် သေဆုံးသွားသလို အကိုဖြစ်သူ မောင်ထွန်းမင်းအောင်မှာလည်း မျက်နှာ၊ ရင်ဘတ်နဲ့ ခြေထောက်တွေမှာ မိုင်းစမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းထိတာကြောင့် သေဆုံးဒဏ်ရာရသူတွေကိုတော့ဒေသခံတွေက ညောင်ဦးပြည်သူ့ဆေးရုံကို တင်ပို့ခဲ့ရပြီး သေဆုံးသူ ညီဖြစ်သူ အလောင်းကိုတော့ ဩဂုတ်လ ၂၇ ရက်နေ့မှာ ရွာပြန်သယ်လာသဂြိုလ်လိုက်ကာ အကိုဖြစ်သူကတော့ ဆေးကုသမှု ဆက်လက်ခံယူနေရတယ်လို့ ဆိုပါတယ်။