ဝက်လက်၊ ဩဂုတ် ၁၁၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် အတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ရဲဘော်တွေက ကူညီကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အဖွဲ့ချုပ်တာဝန်ရှိသူတဦးက ပြောပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက်လိုအပ်တဲ့ ထမင်း၊ ရိက္ခာခြောက်နဲ့ သောက်ရေသန့်တွေကို သြဂုတ် ၁၀ ရက် မနေ့က ဒုတိယမြောက်နေ့အဖြစ် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။



“စက်လှေ၊ စားနပ်ရိက္ခာနဲ့ အဓိကသောက်ရေသန့်တွေ လိုအပ်ပါတယ်။ နောက်ရက်တွေ သောက်ရေပြတ်လပ်မှု ဖြစ်တော့မှာဖြစ်လို့ သောက်ရေသန့်တွေ လိုအပ်နေပါတယ်။ လက်ရှိမှာ ဝက်လက်မြို့နယ်အနောက်ခြမ်းက ပြည်သူတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးကိစ္စတွေကို သမဂ္ဂရဲဘော်တွေက ကိုယ်အား ဉာဏ်အားရှိသလောက် အစွမ်းကုန် ကူညီလုပ်ဆောင် နေပါတယ်” လို့ ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်သူဆိုတာ ကျောင်းသားတွေရဲ့မိဘဖြစ်ပြီး၊ ဝက်လက်မြို့နယ်ကျောင်းသားသမဂ္ဂဖွဲ့စည်းပုံလုပ်ငန်းစဉ်ထဲမှာ လူထုအကျိုးပြုလုပ်ငန်းစဉ်ပါဝင်တာကြောင့် ကျောင်းသားတွေဟာ ပြည်သူလူထု အခက်ခဲဖြစ်နေတဲ့အချိန်တိုင်းမှာ ရှိနေကြောင်းနဲ့ အခုအချိန်မှာလည်း ကျောင်းသားထုကို စောင့်ရှောက်ကျွေးမွေးထားတဲ့ ပြည်သူကိုပြန်ပြီး အလုပ်ကြွေးပြုတဲ့အနေနဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။



ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂဟာ မူးမြစ်ကမ်းဘေးကျေးရွာတွေကို မြစ်ရေ၊ ချောင်းရေတွေ လျှင်မြန်စွာတက်လာလို့ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာကြောင်း သြဂုတ်လ ၆ ရက်နေ့က ကြေညာချက်ထုတ်ကာ ကြိုတင်အသိပေးထားခဲ့တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ရေဘေးလွတ်ရာကို ပြည်သူတွေရွှေ့ပြောင်းဖို့နဲ့ ရေတက်လာချိန်မှာ ပြည်သူတွေကို ကယ်ဆယ်ရေးကိစ္စတွေအတွက် ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကိုယ်စားလှယ်တွေ တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပြင် ဝက်လက်ကျောင်းသားသမဂ္ဂ တို့ပူးပေါင်းကာ ရေဘေးသင့်အရေးပေါ် ကူညီဆောင်ရွက်ရေးကော်မတီ တရပ်ဖွဲ့ ပြီး အနီးဝန်းကျင်က ကျေးရွာတွေကို စင်တာတွေခွဲကာ စားနပ်ရိက္ခာနဲ့ အခြားလိုအပ်တဲ့ ကူညီကယ်ဆယ်ရေးနဲ့ ထောက်ပံ့မှုတွေပေးခဲ့သလို ဆက်လက်ပြီးတော့လည်း ကူညီမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။



ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ရဲ့ ကူညီကယ်ဆယ်မှုတွေကို မူးမြစ်ကမ်းတလျောက်က မြင်းသီ၊ ဥယာဉ်သာ(တောင်)၊ ဥယာဥ်သာ(မြောက်)မူးကြိုး၊ စွယ်ကွေ့၊ သမရိုးနဲ့ တည်တောကျေးရွာစတဲ့ ရေဘေးသင့်ကျေးရွာတွေမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ဝက်လက်မြို့နယ် အပြင် ဒီပဲယင်း၊ ရေဦး၊ ကန့်ဘလူမြို့၊ တန့်ဆည်၊ ရေဦး၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်တွေမှာလည်း ရေဘေးကြုံနေပြီး ကူညီကယ်ဆယ်ရေးတွေ အဓိကလိုအပ်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။



ဝက်လက်မြို့နယ် ပကဖရဲ့ ဒီနေ့မနက် ထုတ်ပြန်ချက်ထဲမှာတော့ မူးမြစ်ကမ်းဘေးရေဘေးသင့်ကျေးရွာတွေမှာ ရေအနည်းငယ်ပြန်ကျသွားပြီး၊ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်လျှက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်လက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးဌာနရဲ့ ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ချက်တွင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ ဒီကနေ့ညနေအထိ နေရာစိပ်စိပ် မိုးရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ
သတင်း – သော်တာအောင်