⁩ ⁨ဝက်လက်အနောက်ခြမ်းမှာ ရေကြီးပြီး၊ အရှေ့ခြမ်းက ကျေးရွာတချို့ မိုးရေရလို့ အခုမှစိုက်ပျိုးလို့ရ

0 0
0 0

ဝက်လက်၊ သြဂုတ် ၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျေးရွာတွေကို မူးမြစ်ရေဝင်ရောက်နေပေမယ့် မူးမြစ်ရေမဝင်တဲ့ အရှေ့ခြမ်းက ကျေးရွာတချို့မှာတော့ အခုမှ မိုးရေရလို့ မိုးစပါးတွေ စတင်စိုက်ပျိုးနိုင်ပြီလို့ ဒေသခံတဦးက ပြောပါတယ်။

မူးမြစ်ရေမရောက်တဲ့ ဝက်လက်နယ် အရှေ့ခြမ်းရှိ ဒေသအခေါ် မိုးခေါင်တောဝန်းကျင်က ဝက်လည်ရွဲ၊ မင်းရွာ၊ သရိုင်၊ ခင်မင်၊ ဆင်နင်း၊ အင်္ကြင်းပင်၊ ပိတောက်ခြုံနဲ့ အင်းဘဲ စတဲ့ကျေးရွာတွေက လယ်တွေမှာတော့ အခုလဆန်းပိုင်းမှသာ စတင်စိုက်ပျိုးလို့ရတာလို့ ဆိုပါတယ်။

ပုံစာ – ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာစပါးစိုက်ပျိုးနေမှုနဲ့ ပြင်ဆင်နေမှုမြင်ကွင်းများ။

“ဒီလယ်တွေက ပျိုးထောင်ထားပြီး ရေမရလို့ မစိုက်ရသေးတဲ့ လယ်တွေပါ။ အခုတော့ ကုန်းမြင့်ဘက်တွေက စီးလာတဲ့ရေတွေ အခြားကုန်းမြင့်လယ်တွေကနေ မိုးရွာလို့ စီးလာတဲ့ရေတွေကို တားဆီးသိုလှောင်ပြီး လယ်လုပ်၊ ကောက်စိုက်ရတာ။ အဓိကကတော့ အခုမှ မိုးရွာလို့ရလာတဲ့ရေတွေနဲ့ စိုက်ပျိုးရတာ။ ဒီနေ့(သြဂုတ် ၉)အထိလည်း မိုးကရွာလိုက် ရပ်လိုက်ပဲ” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အဲဒီလယ်တွေဟာ ရေလုံလောက်စွာ မရရှိတဲ့အတွက် စတင်ပျိုးထောင်ပြီး ၂ လ ဝန်းကျင်လောက်မှ စိုက်ပျိုးကြရတာဖြစ်လို့ ရွှေရင်အေး၊ ဧရာမင်းနဲ့ ငချိတ် စတဲ့ စပါးမျိုးတွေကို အဓိက စိုက်ပျိုးကြတယ်လို့ သူက ဆက်ပြောပါတယ်။

ပုံစာ – ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာစပါးစိုက်ပျိုးနေမှုနဲ့ ပြင်ဆင်နေမှုမြင်ကွင်းများ။
ပုံစာ – ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာစပါးစိုက်ပျိုးနေမှုနဲ့ ပြင်ဆင်နေမှုမြင်ကွင်းများ။

ဝက်လက်မြို့နယ်အတွင်း စပါးစိုက်ရာမှာ လယ်မြေ အနေအထားပေါ်မူတည်ပြီး ကြဲပက် စိုက်ပျိုးတာတွေရှိသလို ပျိုးထောင်စိုက်ပျိုးတာတွေလည်း ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဝက်လက်အနောက်ခြမ်းက မူးမြစ်ကမ်းဘေးက ကျေးရွာတွေဖြစ်တဲ့ စွယ်ကွေ့၊ မူးကြိုး၊ ဥယျာဉ်သာ၊ တည်တော၊ သမရိုး၊ ကိုင်း၊ နဘဲလှ၊ ရွှေအိုးရ၊ မင်းကန်၊ သရက်ချို၊ ကျောက်ကုံး၊ ဥယျာဉ်သာ(မ)၊ မြင်းသီ၊ ကျောက်တိုင်ကျေးရွာနဲ့ မူးကမ်းလေးကျေးရွာတွေမှာ ရေများဆက်လက်ဝင်ရောက်နေလို့ ကျေးရွာနေပြည်သူတွေနဲ့ စစ်ရှောင်တွေအနေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆေးဝါး မိုးကာစတဲ့အကူညီတွေ လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုံစာ – ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာစပါးစိုက်ပျိုးနေမှုနဲ့ ပြင်ဆင်နေမှုမြင်ကွင်းများ။
ပုံစာ – ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာစပါးစိုက်ပျိုးနေမှုနဲ့ ပြင်ဆင်နေမှုမြင်ကွင်းများ။

ဒါ့အပြင် မူးမြစ်ရေကြောင့် ဝက်လက်မြို့နယ်အနောက်ခြမ်းက စိုက်ပျိုးပြီးစပါးခင်းတွေ စိုက်ပျိုးဖို့ပျိုးထောင်ထားတဲ့စပါးပျိုးခင်းတွေနဲ့ ဌက်ပျောခြံတွေလည်း ရေနစ်မြုပ်တာတွေရှိတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းက ရေကြီးရေလျှံမှုကို ဝက်လက်မြို့နယ်အပြင် ရွှေဘို၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်နဲ့ ဒီပဲယင်းမြို့နယ်တွေမှာ ကြုံတွေ့နေရပြီး ဒေသခံ ၇ ဦးထက်မနည်းရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။