30 July 2026 11:16 PM

စစ်ကိုင်းမှာ ဆေးသွားကုရင်း ငလျင်ကြောင့်သေဆုံးခဲ့သူတွေအတွက် ပုလဲပအဖထောက်ပံ့

0 10
0 10

မြေလတ်အသံ၊ ဧပြီ ၃၊ ၂၀၂၅။

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကမိသားစုဝင်အတွက် ဧပြီ ၂ ရက်မှာ ငွေကျပ် ၁၃ သိန်းကျော် (၁,၃၈၀,၀၀၀) ထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပုလဲမြို့နယ်လူသားစာနာဝန်ကြီးဌာနကပေးအပ်ငွေနဲ့ Women Empowerment Allienee (WEA) တို့ ပေးအပ်တဲ့ငွေကိုပူးပေါင်း လူသားစာနာတာဝန်ခံ၊ မြို့နယ်ပအဖခေါင်းဆောင်နဲ့ သက်ဆိုင်ရာရပ်ကျေး ပအဖခေါင်းဆောင်တို့က သွားရောက်ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။

“ငလျင်ဖြစ်ပြီးမကြာပါဘူး။ ရပ်ကျေးပကဖ၊ ပကဖက ကျနော်တို့ကိုအကြောင်းကြားလို့ ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး စာရင်းတွေလုပ်၊ သတင်းတွေပို့ပြီး ပုလဲမြို့နယ်တွင်းမှာထိခိုက်မှု ပျက်စီးမှုမရှိပေမယ့် စစ်ကိုင်းရောက်ပြီး ထိခိုက်မှုစာရင်းသွင်းပြီး ယခုလိုအရေးပေါ်ကူညီခဲ့တာ” လို့ ပုလဲပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ တဦးကဆိုပါတယ်။

အဲ့ဒီမိသားစုဝင် ၃ ဦးဟာ စစ်ကိုင်းမြို့မှာဆေးကုသဖို့သွားရာက ဆွမ်းချက်ဘုန်းကြီးကျောင်းတိုက်မှာ တည်းခိုနေစဥ် မတ် ၂၈ ရက်မှာလှုပ်ခတ်ခဲ့တဲ့မြေငလျင်ကြောင့် ၂ ဦးက ကျောင်းတိုက်ပြိုကျပြီး သေဆုံးခဲ့တာပါ။

အသက် ၈၀ အရွယ်မိခင်နဲ့ အသက် ၄၀ အရွယ် သမီးအငယ်ဖြစ်သူတို့သေဆုံးပြီး သမီးအကြီးဖြစ်သူ အသက် ၆၀ ကျော်အမျိုးသမီးက ဒဏ်ရာပြင်းထန်ရရှိပြီး ဆေးကုသမှုခံနေရပါတယ်။

ပုလဲမြို့နယ်မှာလည်း ငလျင်ဒဏ်ကိုခံခဲ့ရပြီး သေဆုံးမှုတွေမရှိပေမယ့် ကျန်းမာရေးထိခိုက်တာတွေရှိခဲ့ တယ်လို့ အထက်ပါတာဝန်ရှိသူကဆိုပါတယ်။

“ပုလဲမြို့နယ်ကတော့ စစ်ကိုင်းနဲ့နီးတဲ့အတွက်လှုပ်ခတ်တဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံရပါတယ်။ ပျက်စီးတာတွေတော့ မရှိပါဘူး။ လူတွေကတော့ တအားလှုပ်ခါရမ်းတဲ့ဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်တာ အနည်းငယ်လောက်ပါပဲ”လို့ ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကဆိုပါတယ်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးခဲ့ပြီး သေဆုံးသူ ၆၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသတွင်းကူညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့အစည်းတွေဆီက သိရပါတယ်။

သတင်း – ဟယ်သာ၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။