ကြို့ပင်ကောက်၊ ဇူလိုင် ၂၉၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းက စစ်ရှောင်တွေမှာ အရေပြားယားနာတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးဆီက သိရပါတယ်။
ကြို့ပင်ကောက်မြို့အရှေ့ဘက်ရှိ တောတောင်တွေထဲမှာ အခုလ ဒုတိယပတ်ကစ တဲထိုးနေကြရတဲ့ စစ်ရှောင်တွေမှာ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
“စစ်ရှောင်တွေက ကျနော်တို့နဲ့ မနီးတာတွေရော၊ နီးတာတွေရော ရှိပါတယ်။ နီးတာက တထောင်ကျော် ရှိပါတယ်။ ယားနာက ကလေးရော လူကြီးပါဖြစ်ကြတာ၊ တချို့ကြတော့ တမိသားစုလုံးဖြစ်ကြတာ။ စစ်ရှောင်နေတဲ့ နေရာတွေမှာက ခြင်တွေ၊ ဖြုတ်တွေကိုက်လို့ ယားတော့ကုတ်၊ ဝါးပွေးတွေ သစ်ပင်တွေကလည်းထိတော့ ယားလို့ကုတ်ရင်းကနေ အနာတွေဖြစ်တာပါ။ ကလေးလူကြီး အယောက် ၂၀ ကျော်လောက်မှာ စဖြစ်နေတာပါ” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ရှောင်သူတွေဟာ မိုးရေကိုခံကာ သုံးတာမျိုးရှိသလို ချောင်းရေကို ကြိုချက် သုံးရတာလည်းရှိပြီး၊ မိုးမရွာတဲ့အချိန် ရေချိုးပါက တောင်ချချောင်းရေကို အသုံးပြုကြတယ်လို့ သူကဆက်ပြောပါတယ်။
စစ်ရှောင်နေသူတွေထဲမှာ ဖျားနာသူ၊ နှာစီးချောင်းဆိုး၊ ဗိုက်အောင့်ဗိုက်နာနဲ့ ထိခိုက်ရှနာဖြစ်သူတွေအပြင် လမ်းမလျှောက်နိုင်တဲ့ အသက်ရွယ်ကြီးရင့်သူတွေလည်း ပါဝင်ပြီး ဆေးဝါးလုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။
အဲဒီမြို့နယ်အတွင်းက စစ်အုပ်စုဟာ ဒီနေ့မနက်အထိ ရုံးချောင်း၊ ကန်ဦး၊ ဥယျာဉ်ကြီးနဲ့ ဧရွာလေးရွာတွေမှာရှိနေပြီး လက်နက်ကြီးပစ်ခတ်မှု တကြိမ်ပြုလုပ်ခဲ့သေးတယ်လို့ ပြောပါတယ်။
ကြို့ပင်ကောက်မြို့အရှေ့ဘက်မှာ စစ်အုပ်စုဟာ အလည်ကုန်းနယ်မြေရဲစခန်းကို တပ်စခန်းအထိုင်ချထားသလို အခုလ ဒုတိယပတ်အတွင်းကစပြီး စစ်ကြောင်းထိုးနေတဲ့အပြင် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့လည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေလို့ ကျခတ္တန်းကြီးကျေးရွာ၊ မင်းဝ၊ မြို့ကိုင်း၊ သခွပ်ပင်၊ ချောင်းဂွ၊ ညောင်ပင်သာ၊ ကွက်သစ်၊ ရင်းတိုက်ကွင်း၊ ဥယျာဉ်ကြီး၊ ရုံးချောင်းနဲ့ သင်္ခရိုင်စတဲ့ ကျေးရွာတွေက သောင်းနဲ့ချီးတဲ့ ဒေသခံတွေဟာ တောတောင်တွေ၊ ကျေးရွာတချို့နဲ့ မြို့ပေါ်တွေကို ပြောင်းရွှေ့စစ်ရှောင် နေကြရတယ်လို့ ဆိုပါတယ်။