မြေလတ်အသံ၊ ဇူလိုင် ၂၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဇီးပင်တွင်းရွာတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ BLDF ရဲဘော် ၇ ဦးနဲ့ တော်လှန်ရေးကာလတလျောက် ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေအတွက် အောက်မေ့သတိရဂုဏ်ပြုပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဂုဏ်ပြုပွဲကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF က ကျင်းပခဲ့တာဖြစ်ပြီး ဒေသခံပြည်သူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


“၂၀၂၁ကနေစပြီး ယခုအချိန်အထိကျဆုံးခဲ့ရတဲ့မိမိတို့ ရဲဘော်များအတွက် ဂုဏ်ပြုအောက်မေ့ပွဲကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ စစ်ရေးနဲ့နယ်မြေအခြေအနေအရ အကျဥ်းချူံး ကျင်းပတာဖြစ်တဲ့အတွက် မိတ်ဖက်အဖွဲ့အစည်းတွေကို ဖိတ်ကြားခဲ့ခြင်းမျိူး မရှိခဲ့ပါဗျ။” လို့ BLDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။



အခမ်းအနားမှာတော့ ကျဆုံးခဲ့ရတဲ့ BLDF ရဲဘော်တွေကို အလေးပြုတာ၊ တက်ရောက်လာတဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေက လွမ်းသူ့ပန်းခွေပို့တာ၊ ရဲဘော်ရဲဘက်တွေက ကျဆုံးရဲဘော်တွေနဲ့ပတ်သတ်တဲ့ အမှတ်တရစကား ပြောတာ၊ ဂုဏ်ပြုကဗျာ ရွတ်ဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ BLDF ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အောက်မေ့သတိရ ဂုဏ်ပြုပွဲကိုတော်လှန်ရေး စိုးမိုးနယ်မြေဖြစ်တဲ့ အညာဒေသမှာ ပြုလုပ်ခဲ့တာဖြစ်ပြီးကျဆုံးရဲဘော်တွေရဲ့ ရဲရင့်ဂုဏ်ပြောင်တဲ့ စိတ်ဓာတ်ကို အောက်မေ့သတိရလျက် ကိုင်စွဲပြီး ကျန်နေသေးတဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင် တိုက်ပွဲဝင်သွားမယ်လို့ BLDFက ဆိုပါတယ်။



ဓာတ်ပုံ – ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF