⁨မုံရွာ ပလဖ စခန်းကို NUG တပ်ရင်းတွေဝင်ရောက်စီးနင်း သေဆုံးမှုတွေရှိ

0 41
0 41

မုံရွာ၊ ဇွန် ၃၀၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ မြို့နယ် ပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးပြီး သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဇွန်လ ၂၉ ရက်နေ့ညနေ ၃ နာရီကျော်ခန့်မှာ မြို့နယ်ပလဖ အာဂု ဦးစီးနေထိုင်တဲ့စခန်းကို မုံရွာခရိုင်တပ်ရင်းတွေက ဝင်ရောက်စီးနင်းလို့ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့တာလို့ ဆိုပါတယ်။

“ဘယ်လိုမှ ညှိနှိုင်းထိန်းချုပ်လို့မရလို့ တခါတည်းဝင်ပြီး ကျုံးတဲ့သဘောပါ။ သူတို့မှာလည်း လက်နက်တွေရှိတာကိုး။ သူတို့မှာ အမှုပေါင်းများစွာရှိနေတယ်။ ဒီဘက်က တားလို့ဆီးလို့မရတာကြောင့် လုပ်တဲ့သဘောပါ။ ဝင်စီးတယ်ဆိုကတည်းက သက်သေအချက်အလက်အခိုင်အမာရလို့ပါ။ နှစ်ဖက်ပစ်ခတ်မှုရှိကြတယ်”လို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုအတွင်း စခန်းအတွင်းရောက်နေတဲ့ ပြည်သူအမျိုးသမီး ၁ ဦးအပါအဝင် စခန်းအတွင်းရှိနေတဲ့ ပလဖ အဖွဲ့ဝင်အချို့လည်း သေဆုံးထိခိုက်မှုရှိပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ပေးလိမ့်မယ်လို့ အထက်ပါ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါ့အပြင် တပ်ရင်းတွေက စခန်းကိုထိန်းသိမ်းလိုက်နိုင်ပြီး လက်နက်တွေအပါအဝင် ပလဖအဖွဲ့ဝင်အချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ သိရပါတယ်။

မုံရွာမြို့နယ် ပလဖအဖွဲ့ကို ၂၀၂၂ နှစ်က စတင်ဖွဲ့စည်းခဲ့ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ရှိ ပလဖအဖွဲ့အစည်းတခု ဖြစ်ကြောက်းသိရပါတယ်။

အဆိုပါစခန်းဝင်စီးမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တပ်ရင်းတွေဘက်ကတော့ ဘာကြောင့် စီးနင်းပစ်ခတ်တယ်ဆိုတာနဲ့ သေဆုံးထိခိုက်သူ စားရင်တွေကိုလည်း ယနေ့ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဇွန်လ ၂၂ ရက်နေ့ကလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အနောက်ဘက်​​​ခြမ်းရှိ PLA စခန်းကို NUG လက်အောက်တပ်ရင်းတွေ ဝင်စီးချိန် မိုင်းထိလို့ မြင်းခြံခရိုင်တပ်ရင်းတွေက တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။