မကွေးတိုင်းထဲက တော်လှန်ရေးစခန်းအချို့ကို သိမ်းပိုက်ထားတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်

0 9
0 9

■ မြေပြင်မှာစခန်းသိမ်းခံရတာရှိတယ်လို့ တော်လှန်ရေးအဖွဲ့ဝင်အချို့အတည်ပြု

မကွေး၊ ဇွန် ၂၂၊ ၂၀၂၆။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်နဲ့ နတ်မောက်မြို့နယ်တွေက တော်လှန်ရေးစခန်းအချို့ ကို သိမ်းပိုက်ထားတယ်လို့ ဇွန် ၂၂ ရက်မှာ စစ်ကော်မရှင်ကထုတ်ပြန်လာခဲ့သလို မြေပြင်မှာ စခန်းသိမ်းခံရတာမျိုးရှိတယ်လို့လည်း တော်လှန်ရေးအဖွဲ့ဝင်အချို့က အတည်ပြုထားပါတယ်။

စစ်ကော်မရှင်ထုတ်ပြန်ချက်အရ ဇွန် ၂၀ ရက်မှာ ရေနံချောင်းမြို့နယ်၊ လွန်းပင်ရှို၊ ကန်သာ၊ ညောင်ပင်ကားရွာတွေကစခန်းတွေကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

လွန်းပင်ရှိုရွာစခန်းအတွင်းက မော်တော်ဆိုင်ကယ် ၁ စီး၊ စားဆီ ၅ ဂါလံ ၅ ပုံး၊ ပြောက်ကျားယူနီဖောင်း ၅ စုံ၊ ပြောက်ကျားဦးထုပ် ၅ လုံး၊ ၁ ပေခွဲပတ်လည် ဆိုလာ ၁ ချပ်၊ ၄ ပေ ၈ ပေ ဆိုလာ ၁ ချပ်၊ Inverter ၁ လုံး၊ ၁၂ ဗို့ ဘက်ထရီ ၁ လုံး၊ Sound Box ၁ လုံး၊ အရပ်ကျောပိုးအိတ် ၂ လုံး၊ ၉ လုံးကျည် ၁၈ လုံးပါ ၁ တွဲ၊ နွေဦးထီ ၂၅ စောင်ပါ စာအုပ် ၁၅ အုပ်၊ YGN စာတမ်းပါ ဘက်တံဆိပ် ၃၇ ခုနဲ့ မကွေးပြည်သူ့ကာကွယ်ရေး တံဆိပ် ၁ ခု၊ ညောင်ပင်ကားရွာ အနီးစခန်းကိုသိမ်းချိန် ယာယီတဲ ၁ လုံး၊ ကင်းတဲ ၂ လုံးနဲ့ လက်လုပ်နင်းမိုင်းမျိုးစုံ ၁၂ လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓါတ်ပုံ – စစ်ကော်မရှင်တယ်လီဂရမ်။

ဒါ့အပြင် ကန်သာရွာအနီးကစခန်းကိုသိမ်းချိန် လက်လုပ်ဗုံးသီး ၁၁၇ လုံး၊ စက္ကူပတ် ခဲယမ်းပျော့ ၂ အိတ်၊ TNT အားမြှင့်ယမ်း ၂၁ ခု၊ တဲ ၁ လုံး၊ အိပ်ဆောင်တဲ ၁ လုံး၊ သံကုတင် ၄ လုံး၊ မော်တော်ဆိုင်ကယ် ၂ စီး၊ ဆိုလာ ၁ ချပ်၊ ဝရိန်စက် ၁ လုံး၊ ဝရိန်ချောင်း (အကြီး) ၁ ထုပ်၊ လမ်းလျှောက်စကားပြောစက် ၅ လုံး၊ လက်လုပ်ဗုံးသီးအခွံပြုလုပ်တဲ့ ဆက်စပ်ပစ္စည်းတွေကိုသိမ်းဆည်းရမိတယ်လို့ ဆိုထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တဦးကတော့ တော်လှန်ရေးတပ်စခန်းတွေ စီးနင်းခံရတာမှန်ကန်ကြောင်းနဲ့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ထားတဲ့ပုံတွေဟာလည်း ဟုတ်မှန်တယ်လို့ အတည်ပြုပြောပါတယ်။

“စခန်းငယ် ၃ ခု။ ပကဖ စခန်းငယ် ၃ ခုလို့တော့ သိရတယ်။ ရဲဘော်တွေတော့ မထိခိုက်ဘူး။ ကြိုပြီးတော့ရှောင်လိုက်နိုင်တယ်။ စကစစစ်ကြောင်းထိုးတာက အင်အားများတယ်။ ၃၀၀ ကျော်လောက်နဲ့ထိုးလာလို့ ဆုတ်ပေးရတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါ စခန်းတွေသိမ်းခံရတာနဲ့ပတ်သက်ပြီး ရေနံချောင်းမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီ မြေလတ်အသံက ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

ဒါ့အပြင် ဇွန် ၇ ရက်ကလည်း နတ်မောက်မြို့နယ်၊ အိုင်းမကျေးရွာရှိ စခန်းကိုသိမ်းယူစဥ် PDF အလောင်း ၂ လောင်း၊ စနိုက်ပါသေနတ် ၁ လက် နဲ့ ၇ ဒသမ ၆၂ မမကျည် ၁၂၀၀ တောင့်တို့ကို သိမ်းဆည်းရမိတယ်လို့ စစ်ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။