တောင်ငူ၊ ဇွန် ၁၁
ပဲခူးတိုင်း၊ တောင်ငူမြို့၊ အမှတ် ၆ ရပ်ကွက်ရှိ မေဃဝတီစာသင်တိုက်နေ ကိုရင် ၁၃ ပါး အစာအဆိပ်သင့်ပြီး ဆေးရုံတင်ကုသထားရတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။
ကျောင်းတိုက်မှာရှိတဲ့ ကိုရင်အပါး ၃၀ အနက် ၁၃ ပါးဟာ ဇွန်လ ၉ ရက်နေ့လယ်ပိုင်းကစတင်ပြီး ခေါင်းမူးတာ၊ အော့အန်တာနဲ့ ဝမ်းသွားတာတွေဖြစ်လာတာကြောင့် ညနေ ၅ နာရီလောက်မှာ တောင်ငူပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရတာလို့ ဆိုပါတယ်။
” ဖြစ်တဲ့နေ့က အစားစုံတယ်ပြောတယ်။ တရုတ်ထုတ် အစပ်ပြားမုန့်တွေကော၊ သရက်သီးတွေကော၊ သီးစုံပဲဟင်းတွေကော စားကြတယ်။ အစပ်ပြားတွေစားကြတဲ့ကိုရင်တွေမှာဖြစ်တာဆိုတော့ အဲဒါကြောင့်ဖြစ်နိုင်တယ်လို့တော့ ကောက်ချက်ချတယ်”လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။
အဆိုပါ ဒေသအခေါ် တရုတ်အစပ်ပြားမုန့်တွေကို ကိုရင်တွေက ဘုန်းကြီးကျောင်းပြင်စျေးဆိုင်တွေကနေ ဝယ် ယူစားသုံးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တဲ့ ကိုရင်တွေကို ဆေးရုံမှာလိုအပ်တဲ့ကုသမှုတွေပြုလုပ်ပေးခဲ့ပြီး ဇွန်လ ၁၁ ရက် ဒီကနေ့မှာတော့ စိုးရိမ်စရာမရှိတော့ဘဲ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။
၂၀၂၄ ကလည်း တောင်ငူမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာရှိ ရေဘေးရှောင်စခန်းတစ်ခုမှာ လူရာနှင့်ချီ အစာအဆိပ်သင့်ခဲ့သေးတယ်လို့ သိရပါတယ်။