အုတ်ဖို၊ ဇွန် ၁၊ ၂၀၂၆။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၃၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတွေဆီက သိရပါတယ်။
မေ ၃၁ ရက်မနက် ၉ နာရီခန့်မှာ ထိန်တော၊ မိုးညိုနဲ့ ညောင်လေးပင်ရွာကနေ ကိုင်းကြီးကျေးရွာကို ရောက်နေတဲ့ ပျူစောထီးနဲ့ စစ်ကော်မရှင်အင်အား ၃၀၀ ကျော်ပါစစ်ကြောင်းက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“ဘေးကနေ ကြည့်တာတော့ မီးတွေရှို့တာကို ရွာထဲကအိမ်တွေလောင်တာကိုတွေ့ကြတယ်။ မြင်ခဲ့တဲ့ အချိန်တုန်းကတောင် ၁၀ လုံးထက်မကဘူး။ ပျူတွေပါတာဆိုတော့ ရွာထဲကပစ္စည်းတွေကို စိတ်တိုင်းကျသယ်ပြီး သူတို့အိမ်ရွာတွေ ဖောကားတွေနဲ့ပြန်ပို့တယ်။ အဲ့ဒါပြီးမှ မီးရှို့တာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
ချောင်းဂွရွာဟာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး မီးရှိုခံရတာကြောင့် အိမ်ခြေ ၃၀ ထက်မနည်းမီးလောင် ပျက်စီးနိုင်ပြီး စစ်ကြောင်း ဇွန်လ ၁ ရက် ဒီကနေ့အထိ ရွာအနီးဝန်းကျင်တွေမှာ တပ်ဖြန့်ထားတာကြောင့် ရွာထဲဝင်ပြီး နယ်မြေမရှင်းလင်းရသေးဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဟာ မေ ၂၁ ရက်ကစတင်စစ်ကြောင်းထိုးလာတာကြောင့် အုတ်ဖိုမြို့နယ်ထဲက သရက်တော၊ ထွက်တိုး၊ စံပြ၊ ကိုင်းကြီး၊ ကိုင်းကလေး၊ မအူတန်း၊ ကြို့ကိုးပင်၊ ကျွဲဖြူမ၊ ဂွေးချိုကွင်း၊ ရှားစီးဖိုကျေးရွာအပါ ရွာပေါင်း ၃၀ နီးပါးက ဒေသခံ ၁ သောင်းကျော် စစ်ရှောင်နေရပြီး စစ်ရှောင်တွေထဲကစပါးစိုက်ခဲ့တဲ့ တောင်သူတချို့လည်း နေရပ်မပြန်နိုင်သေးဘူးလို့ဆိုပါတယ်။
မေ ၂၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ချောင်းဂွရွာထဲကို စစ်ကော်မရှင်က စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့တာ ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၇ လုံးပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း