မင်းဘူး၊ မေ ၂၁၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ထဲမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် စလင်း-ကံပြားလမ်းပိုင်းနဲ့ စလင်းချောင်းတောင်ဘက်မှာရှိတဲ့ ကျေးရွာတွေကို ၂၄ နာရီအတွင်း ဘေးလွတ်ရာကိုတိမ်းရှောင်ဖို့ မင်းဘူးခရိုင် တပ်ရင်း ၅ က မေ ၂၁ ရက် ဒီကနေ့ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။
မေ ၁၉ ရက် မနက် ၈ နာရီခွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်းအား ၁၀၀ ခန့်က မြေနီကုန်းရွာကတဆင့် မင်းဘူးခရိုင် တပ်ရင်း ၅ ရဲ့စိုးမိုးနေရာတွေကိုစစ်ကြောင်းထိုးချိန် ညနေ ၃ နာရီ ကစတင်ပြီး ၂ နာရီကြာ တိုက်ပွဲဖြစ်ခဲ့တဲ့အပြင် မေ ၂၀ ရက်မှာလည်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ရန်သူ(စစ်ကော်မရှင်တပ်)ဘက် အထိအခိုက်များထားပါတယ်။ အဲ့ဒါကို မကျေနပ်တာလည်း ပါပါလိမ့်မယ်ခင်ဗျာ။ လက်ရှိကတော့ ကျေးရွာတွေကို အုပ်ချုပ်ရေးမှူးတွေနဲ့ကျေးရွာအဖွဲ့၀င်တွေကို တိုက်ရိုက်တပ်ရင်းအနေနဲ့ ဖြန့်ဝေပြီးတော့ မြေပြင်မှာလည်း အကြောင်းကြားထားတာရှိပါတယ်”လို့ မင်းဘူးခရိုင် တပ်ရင်း ၅ ရဲ့တာ၀န်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
မေ ၂၁ ရက်ဒီကနေ့အထိ စစ်ကြောင်းရှိနေသေးတာကြောင့် ရွာတွေကိုဝင်ရောက်ဖျက်ဆီးတာတွေရှိနိုင်ပြီး တိုက်ပွဲအတွင်း ပြည်သူထိခိုက်မှုတွေမရှိအောင် စလင်းချောင်းတောင်ဘက် နဲ့ စလင်း-ကံပြားလမ်းဘေးရှိ စုစုပေါင်းကျေးရွာ ၁၀ ရွာက ဒေသခံတွေကို ဘေးလွတ်ရာတိမ်းရှောင်ဖို့ သတိပေးတာလို့ ဆိုပါတယ်။
“စစ်ဘေးတိမ်းရှောင်တဲ့ ကျေးရွာတွေအနေနဲ့လည်း ဘေးလွတ်ရာကျေးရွာတွေဆီမှာ ခိုနားနေထိုင်ဖို့အတွက်ရော အခြားရွာတွေအနေနဲ့ လက်ခံပေးပြီးတော့ စားရေးသောက်ရေး နေရေးထိုင်ရေးတွေ ယာယီဖြည့်တင်းပေးဖို့အတွက်ကိုလည်း ကျနော်တို့အကုန်လုံးချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒေသတွင်းမှာရှိတဲ့ မြို့နယ်ပအဖကိုလည်း အကြောင်းကြားပြီးတော့ ဒီကိစ္စတွေကို ကူညီဆောင်ရွက်ပေးဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်”လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၆ ရက်ညနေ ၅ နာရီဝန်းကျင်မှာလည်း စလင်း-ကံပြားလမ်းပိုင်းမှာ စစ်ကော်မရှင်အင်အား ၃၀ ပါ ကားကို မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းနဲ့ မြို့ပြ UG ကျားပေါက်အဖွဲ့က ပေပါမိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း