နွားထိုးကြီး၊ မေ ၁၁၊ ၂၀၂၆။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ PDF အမည်ခံပြီး ကျပ်သိန်း ၁၀၀ ခန့် ဓားပြတိုက်လုယူခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။
ထနောင်းပင်လဲရွာထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကော်မရှင်စစ်ကြောင်းက အရပ်ဝတ်၊ သေနတ် ၂ လက်ကိုင်ထားတဲ့ အဖွဲ့ဝင် ၃ ဦးဟာ ရွာတောင်ဘက်တောတိုက်ထဲနေသူ ၆ ဦးကိုသေနတ်ပြ ဓားပြတိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“စိုးအောင်အဖွဲ့ (မြင်းခြံခရိုင်တပ်ရင်း ၄၊၁၀)ကဆိုပြီး ပြောသွားပြီး ဓားပြတိုက်သွားတာ။ ထမင်းချက် ထင်းထွက်ကောက်တဲ့ မိန်းမသားကို ဝမ်းလျားမှောက်ခိုင်းပြီး နားတောင်းချွတ်ယူသွားတယ်။ အချို့အိမ်ထဲလည်းဝင်တယ်။ လူတွေကိုလည်းထုထောင်းပြီး ဖုန်းနဲ့ပိုက်ဆံတွေယူသွားတယ်” လို့ ရွာခံတဦးက ပြောပါတယ်။
ယူဆောင်သွားတဲ့ နားတောင်း(နားကပ်)ကာလတန်ဖိုး ကျပ်သိန်း ၄၀ ခန့်၊ ဖုန်း ၅ လုံး ကာလတန်ဖိုးခန့်မှန်း ကျပ် ၂၅ သိန်းခန့်၊ ငွေသားကျပ်သိန်း ၂၀ ခန့်နဲ့ အဝတ်အထည်အချို့ပါသွားပြီး စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ မေလ ၈ ရက်မှာ အင်အား ၁၇၀ ခန့်နဲ့ ထနောင်းပင်လဲကျေးရွာကိုဝင်ရောက်လာတာဖြစ်ပြီး မေလ ၁၁ ရက် ဒီနေ့အထိရွာထဲမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
ထနောင်းပင်လဲကျေးရွာဟာ အိမ်ခြေ ၄၀၀ ကျော်လူဦးရေ ၁၅၀၀ ကျော်နေထိုင်တဲ့ကျေးရွာဖြစ်ပြီး ရွာခံအများစုက ရွာထဲမှာနေထိုင်တာထက် တောတိုက်ထဲမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ရင်း နေထိုင်ကြသူများတယ်လို့ သိရပါတယ်။
စာတည်း – လင်း