မြင်းခြံမှာဝင်နေတဲ့စစ်ကြောင်းက အမျိုးသမီး ၄ ဦးကိုအဓမ္မပြုပြီး အမျိုးသား ၁ ဦးကို သတ်ဖြတ်ခဲ့

0 14
0 14

မြင်းခြံ၊ မေ ၉၊ ၂၀၂၆။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီး ၄ ဦးကိုအဓမ္မပြုကျင့်ပြီး အမျိုးသား ၁ ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ကိုင်းရွာဘက်ကနေ ထွက်လာတဲ့စစ်ကြောင်းဟာ မရိုးကုန်းရွာကိုရောက်လာချိန် စစ်ရှောင်နေရာကကျေးရွာထဲပစ္စည်းပြန်ယူတဲ့ အသက် ၂၁ အရွယ်အမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

“သူကရှောင်တာက တောထဲမှာစစ်ရှောင်နေတာ။ ပစ္စည်းကျန်ခဲ့လို့ ပြန်ဝင်ယူတာမှာ မိသွားတာ။ ကျနော်တို့ဘက်စစ်ရှောင်လာသူတွေက အဲလိုဖြစ်ခဲ့တာကိုပြန်ပြောပြလို့သိရတာ။ ကာယကံရှင်နဲ့ လည်းပြောရတယ်။ တောထဲမှာပဲ ဖြစ်ခဲ့တာ။”လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါအမျိုးသမီးငယ်ဟာ စစ်ကြောင်းထွက်သွားပြီးနောက် မိသားစုလိုက် ကျေးရွာထဲပြန်လည်နေထိုင်နေပေမယ့် စိတ်မူမှန်မှုမရှိဘဲ အမြဲတမ်းကြောက်လန့်တကြားဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မေလ ၆ ရက်မနက်ပိုင်းကလည်း မရိုးကုန်းကနေထွက်လာတဲ့ စစ်ကြောင်းဟာ သိမ်ရွာကို ရောက်ရှိပြီး စစ်ကြောင်းလာချိန် ဖမ်းမိခဲ့တဲ့ သိမ်ရွာက အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးနဲ့ အသက် ၅၀ အရွယ် အိမ်ထောင်သည်အမျိုးသမီး ၁ ဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“သိမ်ရွာကကျတော့ အိမ်ထောင်သည်အမျိုးသမီး ၁ ယောက်ကို ၅ ယောက်က ဝိုင်းကျင့်တာ။ သူတို့က တပြိုင်တည်းတနေရာတည်း တအုပ်စုလုံးဖြစ်တာ။ သူတို့ကျတော့မရှောင်တာ ရွာထဲမှာမိတာ။ “လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်း သိမ်ရွာကထွက်သွားချိန် သတ်ဖြတ်ခံထားရတဲ့ အသက် ၃၀ အရွယ် အမျိုးသားအလောင်း ၁ လောင်းကိုလည်းတွေ့ရတယ်လို့ ဆိုပါတယ်။

“အမျိုးသားသေတာလည်း သိမ်ရွာဝင်တဲ့ တရက်တည်းဖြစ်တာ။ သူက နတ်မောက်သား သိမ်ရွာသူနဲ့ အိမ်ထောင်ကျလို့ ရွာမှာနေတာ။ သူလည်းရွာထဲမှာပဲမိတာ။ သူ့ကိုဖမ်းသွားတာသိပြီး ဘယ်လိုသတ်လဲဆိုတာမသိဘူး။ အလောင်းတွေ့တဲ့အချိန်တော့ ၂ ပိုင်းဖြစ်နေတယ်။ အလောင်းကတော့ ရွာထဲမှာပဲတွေ့တာ”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အဲ့ဒီကျေးရွာတွေထဲက တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားခဲ့ပြီး မေလ ၉ ရက်ဒီနေ့အထိ ဆီမီးခုံကျေးရွာမှာဆက်ရှိနေတယ်လို့ သိရပါတယ်။

ဒီစစ်ကြောင်းဟာ မေလ ၁ ရက်ကတည်းက တောပုပျူစောထီးစခန်းကနေထွက်လာတဲ့ အင်အား ၃၀၀ ကျော်ပါစစ်ကြောင်းဖြစ်ပြီး အဲ့ဒီနေ့မှာပဲ ဆင်ချောင်းရွာကနေအိမ် ၆၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

စစ်ကြောင်းထိုးလာပြီး တိုက်ပွဲတွေလည်းဖြစ်နေတာကြောင့် ကမ်းပါးနီ၊ ဖက်ပင်အိုင်၊ ဆင်ချောင်း၊ ညောင်တို၊ ကိုင်း၊ ရန္တပို၊ နဘူးအိုင်၊ မရိုးကုန်းအပါအဝင် ကျေးရွာ ၁၀ ကက ပြည်သူ ၅,၀၀၀ ကျော်ဟာ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး မြောင်မြို့နယ်ထဲကကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။