စစ်ကိုင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အရှေ့ဘက်၊ ထနောင်းဝင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာခံအမျိုးသမီးတဦး ကျည်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီကျော်ဝန်းကျင်လောက်က မုံရွာမြို့ အရှေ့ဘက် ၈ မိုင်ခန့်အကွာမှာရှိတဲ့ ထနောင်းဝင်းရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအကြား သေဆုံးသွားခဲ့တဲ့ အမျိုးသမီးဟာ ထနောင်းဝင်းရွာခံ အသက် ၅၆ နှစ်အရွယ် မအေးမြင့်သိန်း ဆိုသူဖြစ်ပြီး သူရဲ့ကျောဘက်ကို သေနတ်ကျည်ထိမှန်ကာ နေရာမှာပဲ သေဆုံးသွားခဲ့တာလို့ ထနောင်းဝင်းရွာခံတဦးက ပြောပါတယ်။
“လက်နက်ကြီးငယ်မျိုးစုံနဲ့ ပစ်ခတ်ကြတာ၊ ရွာထဲပဲဖြစ်ကြတာ။ ပြေးလို့ လွတ်မယ်ထင်ပြီး ပြေရင်း လာမှန်သွားတာ။ ဘယ်အဖွဲ့က ပစ်တဲ့ကျည်လဲတော့ မသိဘူး။ တရွာလုံး ဝရုန်းသုန်းကားကို ဖြစ်လို့၊ တိုက်ပွဲပြီး လက်နက်သံတွေ ရပ်သွားပြီးဆိုမှ မအေးမြင့်ကြီး သေသွားပြီဆိုတာ ကြားရတာ။” လို့ သူက မြေလတ်အသံကို ပြောပါတယ်။
သေဆုံးသွားခဲ့တဲ့ မအေးမြင့်သိန်းရဲ့ အလောင်းကို ဇန်နဝါရီ ၁၂ ရက်မှာပဲ သင်္ဂြိုဟ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲပစ်ခတ်မှုဟာ ၁ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့တဲ့အပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ရွာထဲက လူနေအိမ် ၅ လုံးကျော် ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲအခြေအနေ အသေးစိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
စာတည်း – လင်းဇေ