တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ မော်လူးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်

0 21
0 21

အင်းတော်၊ မေ ၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို စစ်ကော်မရှင်တပ်တွေဝင်ရောက်ကာ ပြန်လည်ထိန်းချုပ်ထားတယ်လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူက ပြောပါတယ်။

မေလ ၅ ရက် ဒီမနက် ၈ နာရီကျော်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းဟာ မြို့အတွင်းကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

“မော်လူးကို စကစ စစ်ကြောင်းဝင်သွားပြီ။ မော်လူးရသွားတာတော့ သိရတယ်။ အင်းတော်က ထိုးလာတဲ့စစ်ကြောင်းပဲ။ အင်းတော်မှာလည်း အင်အားတွေချန်ခဲ့တာရှိသေးတယ်။ “လို့ ဒေသကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ မေလ ၂ ရက်မှာ နဘားလမ်းဆုံကနေထွက်လာတာဖြစ်ပြီး စစ်ကြောင်းရောက်လာလို့ မြို့ခံအချို့တိမ်းရှောင်ကြတာရှိပေမယ့် အချို့ကတော့ နေအိမ်မှာအိမ်စောင့်တွေအဖြစ်ကျန်ရစ်နေပြီး အခြေနေကိုစောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

နဘားကနေ ၁၇ မိုင်အကွာမော်လူးမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား ၃ ကြိမ်ထက်မနည်းတိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်အခြေနေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် နဘားလမ်းဆုံနဲ့ အင်းတော်မြို့အတွင်းမှာလည်း စစ်ကော်မရှင်ဘက်က အင်အား ၁၀၀ ကျော် ချန်ထားခဲ့သေးတယ်လို့ သိရပါတယ်။

ဧပြီ ၂၁ ရက်မှာ ကသာကနေထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ဧပြီ ၂၉ ရက်ညနေ ၃ နာရီခန့်မှာ အင်းတော်မြို့နယ်၊ နဘားလမ်းဆုံအထိရောက်လာပြီးနောက် အင်အားဖြန့်ကျက်ထားရာက ဧပြီ ၃၀ ရက်မှာ အင်အားအချို့က အင်းတော်မြို့ထဲကို ပြန်လည်ထိန်းချုပ်ခဲ့တာပါ။

မော်လူးမြို့ကို ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။