အကျဉ်းထောင်နဲ့ ရဲဘက်စခန်း ၁၇ ခုကလွတ်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားမပါဝင်ဟု PPNM ဆို

0 5
0 5

မြေလတ်အသံ၊ မတ် ၁၊ ၂၀၂၆။

စစ်ကော်မရှင်တပ်က လွတ်ငြိမ်းချမ်းသာခွင့်အဖြစ်လွှတ်ပေးလိုက်တဲ့အကျဥ်းသားတွေအနက် အကျဥ်းထောင် ၁၄ ခုနဲ့ ရဲဘက်စခန်း ၃ ခုကလွတ်မြောက်လာသူတွေထဲမှာတော့ နိုင်ငံရေးအကျဥ်းသားတွေမပါဝင်ခဲ့ဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ကထုတ်ပြန်ပါတယ်။

မနေ့က ဧပြီ ၃၀ ရက် ကဆုန်လပြည့်နေ့မှာ PPNM က လက်လှမ်းမီသလောက်ပြုစုထားတဲ့ အကျဉ်းထောင် ၁၄ ခုနဲ့ ရဲဘက်စခန်း ၃ ခုကလွတ်မြောက်လာသူ အကျဉ်းသား ၃၃၆ ဦးထဲမှာ နိုင်ငံရေးနဲ့မသက်ဆိုင်ဘဲ အခြားအမှု‌တွေနဲ့ ပြစ်ဒဏ်ကျခံနေသူတွေပဲပါဝင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အကျဉ်းထောင် ၁၄ ခုနဲ့ ရဲ‌ဘက်စခန်း ၃ ခုကနေမှ နိုင်ငံရေးအကျဉ်းသားမပါဘူးဆိုတဲ့ အရေအတွက်နဲ့ အခြားအမှုကိုမှ လက်လှမ်းမီသလောက်သိရှိရတဲ့ အ‌ရေအတွက်တွေကိုတော့ ထုတ်ပြန်ထားပြီးပြီပဲဖြစ်ပါတယ်။ အခြားအမှုတွေကို လွှတ်ပေးတဲ့အခါမှာ လောင်းကစားအမှုတွေများတယ်လို့ သတင်းရတယ်။ ပြီးတော့ အခြားပြစ်မှုပြစ်ဒဏ်နဲ့သူတွေ ပါ၀င်လာတာကို တွေ့ရပါတယ်”လို့ PPNM ရဲ့ ပြန်ကြားရေးတာ၀န်ခံ မရောင်နီလင်းက မြေလတ်အသံကိုပြောပါတယ်။

ကလေး၊ ပေါင်းတည်၊ မကွေး၊ ဒိုက်ဦး၊ ပြည်၊ အိုးဘို၊ သာယာ၀တီ၊ ညောင်ရွှေ၊ ကျိုင်းတုံ၊ လားရှိုး၊ မိုင်းဆတ်၊ ကျိုက်မရော၊ မအူပင်၊ ထားဝယ်အကျဉ်းထောင်တွေနဲ့ ထီးခမ်းရဲဘက်စခန်း၊ ဘန်းကန်ရဲဘက်စခန်းနဲ့ တောင်လေးလုံးရဲဘက်စခန်းတွေကနေ ၃၃၆ ဦးလွတ်မြောက်လာတာဖြစ်ပြီး အဲ့ဒီ အကျဉ်းသူအကျဉ်းသားတွေဟာ နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့သူတွေမဟုတ်ဘူးလို့ ဆိုပါတယ်။

“စစ်ကော်မရှင်ဘက်က ဒီတခေါက်လွတ်ငြိမ်းမှမဟုတ်ဘူးပေါ့နော်၊ အရင်အခေါက်တွေမှာလည်း ၂ ထောင်ကျော်လွှတ်တယ်ပဲပြောပြော ၁ သောင်းကျော်လွှတ်တယ်ပဲပြောပြော တကယ်တမ်းတော့ အဲ့ဒီ အရေအတွက်ကို ရောက်ရှိခဲ့တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒီတခေါက်မှာလည်း အဲ့ဒီအရေအတွက်ကို ရောက်ရှိမယ်လို့ ကျနော်တို့မမျှော်လင့်ပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့စာရင်းကတော့ အရေအတွက် ၁၇ ခုကိုပဲ အတည်ပြုထားပြီးတော့ ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်”လို့အထက်ပါ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

အင်းစိန်၊ အိုးဘို၊ သာယာဝတီ၊ ဒိုက်ဦး၊ မအူပင်၊ တောင်ငူ နဲ့ ထားဝယ်အကျဉ်းထောင်တွေက လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ပါ၊ မပါဆိုတာကိုတော့ ဆက်လက် စုံစမ်းသွားမယ်လို့လည်း ဆိုပါတယ်။

စစ်ကော်မရှင်တပ်က ကဆုန်လပြည့်နေ့မှာ အကျဥ်းသား ၁,၅၀၀ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်ထပ်တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ယခုလျှော့ပေါ့ပေးလိုက်တဲ့ ပြစ်ဒဏ်ကိုပါ ပေါင်းစပ်ကျခံရမယ်ဆိုတဲ့စည်းကမ်းချက်နဲ့အတူ လွတ်ငြိမ်းခွင့်ပြုလိုက်တာလို့ ထုတ်ပြန်ထားခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။