မြင်းခြံ၊ မေ ၁၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာကို စစ်ကော်မရှင်ဘက်ကစစ်ကြောင်းထိုးနေပြီး ဒေသခံကာကွယ်ရေးတပ်တွေနဲ့လည်း တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံပြည်သူ ၅,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၁ ရက်မနက် ၆ နာရီခန့်မှာ မြင်းခြံမြို့နယ်၊ တောပုရွာကနေ အင်အား ၃၀၀ ကျော်နဲ့ ထွက်လာတဲ့စစ်ကြောင်းဟာ ဆင်ချောင်းကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ထိတွေ့မှုဖြစ်ပြီး ရွာထဲကိုဝင်နိုင်သွားတယ်။ ပြည်သူတွေက စစ်ရှောင်ရတော့ ဒီဘက်ကမ်း (မြောင်နယ်)ကိုကူးရတာ။ လက်နက်ကြီးတွေနဲ့လှမ်းပစ်တာမှာ လှေတွေတော့မထိဘူး။ ရေထဲကျတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးအခြေနေကို မသိရသေးဘဲ ဒေသကာကွယ်ရေးအဖွဲ့တွေ တပ်ပြန်ဆုတ်ပေးလိုက်ရတာကြောင့် စစ်ကော်မရှင်စစ်ကြောင်းက ဆင်ချောင်းရွာထဲ ရောက်လာတာလို့ ဆိုပါတယ်။
ဆင်ချောင်းရွာကိုရောက်နေတဲ့ စစ်ကြောင်းဟာ ရန္တပို၊ ကိုင်းကျေးရွာတွေအထိ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကြောင်းကြောင့် ကမ်းပါးနီ၊ ဖက်ပင်အိုင်၊ ဆင်ချောင်း၊ ညောင်တို၊ ကိုင်း၊ ရန္တပို၊ နဘူးအိုင်၊ မရိုးကုန်းအပါအဝင် ကျေးရွာ ၁၀ က ပြည်သူ ၅,၀၀၀ ကျော်လည်း ဧရာဝတီမြစ်ကိုဖြတ်ပြီး မြောင်မြို့နယ်ထဲကကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ခုလိုဖြတ်ကူးချိန်မှာလည်း စစ်ကော်မရှင်ဘက်က လက်နက်ကြီးတွေနဲ့ ၁၀ ချက်ပစ်ခတ်ခဲ့ပြီးလူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကလည်း မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ရွာကို စစ်ကော်မရှင်စစ်ကြောင်းဝင်ကာ ဒရုန်းနဲ့ဗုံးချ ပစ်ခတ်မှုတွေအတွင်း PDF တပ်ဖွဲ့ဝင် ၄ ဦးအပါအဝင် ပြည်သူ ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း