မြိုင်၊ ဧပြီ ၃၀၊ ၂၀၂၆။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ဧပြီ ၂၆ ရက်၊ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ စစ်ကော်မရှင်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပြီးနောက် ကင်းထောက်ဒရုန်း ၁ စီးနဲ့ ခဲယမ်းပစ္စည်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုဆီက သိရပါတယ်။
ဧပြီ ၂၆ ရက်မှာ မြိုင်မြို့နယ်၊ ကန်နီရွာအနီးကို ကင်းလှည့်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့ ၁၅ မိနစ်ခန့်တိုက်ပွဲဖြစ်ခဲ့သလို ဧပြီ ၂၈ ရက်မှာလည်း အဆိုပါရွာအနီးတွင် ထပ်မံ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဧပြီ ၂၉ ရက်မှာလည်း မြိုင်မြို့နယ်အရှေ့မြောက်ဘက်ရှိ မြိုင်မြို့နယ်ဆေးရုံ အနီးက စစ်ကော်မရှင်ဂိတ်ကို ၁ နာရီကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး ဒီတိုက်ခိုက်မှုတွေအတွင်း ဒေသခံကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မြေလတ်အသံကိုပြောပါတယ်။
“တိုက်ပွဲ ၃ ကြိမ်ကတော့ ကျနော်တို့ထုတ်ပြန်ထားသလိုပေါ့နော်။ ပထမ ၂ကြိမ်ကတော့ ကန်နီမှာ ကန်နီပျူစောထီးရွာရဲ့၀န်းကျင်မှာဖြစ်ခဲ့တာပေါ့။ ပတ်ကင်းထွက်လာတဲ့သူတို့နဲ့ ကျနော်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်တာပေါ့။ သူတို့ရဲ့ ကင်းထောက်ဒရုန်း ၁ စီးရရှိခဲ့တယ်။ ၂၉ ရက်နေ့ကတော့ မြိုင်ရဲ့အရှေ့မြောက် မန္တလေးလမ်းပေါ်မှာဖြစ်တာပေ့ါ။ အဲ့ဒီမှာလည်း ထုတ်ပြန်ထားသလိုပေါ့နော်၊ သူတို့ကာကင်းက သူတို့ကလျင်လျင်မြန်မြန်ဆုတ်ခွါသွားတဲ့အခါမှာ သူတို့ရဲ့ပစ္စည်းတွေပဲ ကျနော်တို့သိမ်းဆည်းရမိခဲ့တာပေါ့။ ကာကင်းကိုတော့ ကျနော်တို့ရရှိခဲ့တာပေါ့” လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
မြိုင်မြို့အရှေ့ မြောက်ဘက် မြိုင်ဆေးရုံအနီးကဂိတ်ကိုတိုက်ခိုက်ရာမှာ ၁ နာရီကြာခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဂိတ်စွန့်ခွာထွက်ပြေးသွားတာကြောင့် လက်ပစ်ဗုံး ၂ လုံး၊ G 3 ကျည် ၁၁၅ တောင့်၊ G 3 ကျည်ဘောက် ၁ ခု၊ MA 3 သံဘောက် ၁ ခုနဲ့ စစ်သုံးပစ္စည်းတချို့ကို သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကို အညာမြေတပ်ပေါင်းစု၊ မကွေးပြည်သူ့ကာကွယ်ရေးတပ် – MGY၊ ပခုက္ကူခရိုင် အမှတ် ၂၊၆၊၇ တပ်ရင်းတွေနဲ့ မြိုင် ပကဖ တို့ကတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
ကန်နီကျေးရွာဟာ စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်တွေ အားကောင်းတဲ့ ရွာတရွာဖြစ်ပြီး ပျူစောထီးအဖွဲ့ကို ကျော်ဆန်းဝင်း ဆိုသူက အဓိကဦးဆောင်နေသလို စစ်တပ်၊ ရဲနဲ့ ပျူစောထီးပူးပေါင်း အင်အား ၇၀ ခန့်နဲ့ အမြဲတမ်း အထိုင်ချတပ်စွဲထားပြီး ပျူစောထီးတပ်ဖွဲ့ရဲ့ မိသားစုဝင် ၂၀၀ ခန့် နေထိုင်ကြောင်းကို အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကန်နီရွာက အနီးပတ်ဝန်ကျင်ကျေးရွာတွေကို လုံခြုံရေးခြိမ်းခြောက်နေတဲ့ ရွာဖြစ်ပြီး အိုးဘိုရွာနဲ့ ကန်နက်ရွာကအိမ်တွေကို စီးနင်းမီးရှို့တာ၊ ပြည်သူပိုင်ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို ယူဆောင်တာအပြင် လက်နက်ကြီးနဲ့လည်းမကြာခဏပစ်ခတ်လေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တည်းဖြတ် – M