တောင်သာ၊ ဧပြီ ၂၉၊ ၂၀၂၆။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် အိမ်ခြေ ၄၀၀ ကျော်မီးလောင်ပျက်စီးထားတယ်လို့ တောင်သာမြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။
ဧပြီ ၂၂ ရက်မှာ အင်အား ၁၅၀ ကျော်ပါစစ်ကော်မရှင်စစ်ကြောင်းဟာ ဧပြီ ၂၂ ရက် ကနေ ၂၈ ရက် မနက်ပိုင်းအထိ ဆည်ကုန်းရွာ၊ ထန်းပင်ကုန်းတောရိုး၊ သံချေးကုန်းရွာ၊ စုံတောမြိုင်၊ ခပေါင်း၊ မဲတော၊ ရုံးစဥ်လေး၊ သံဘိုရွာတို့ကို အစဥ်လိုက်မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“သံဘိုက အိမ်တောင်သိပ်မကျန်တော့ပါဘူး။ ကျနော်တို့တွေလည်း ရွာနားတွေတော့ ကပ်မရသေးဘူး။ **ကြောင်းမထွက်သေးတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်းမလုပ်နိုင်သေးဘူး။ “လို့ တောင်သာမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။
ခုလို စစ်ကြောင်းထိုးမီးရှို့တာကြောင့် ကျေးရွာပေါင်း ၈ ရွာက အိမ်ခြေအနည်းဆုံး ၄၀၀ ကျော် မီးလောင်ပျက်စီးထားပြီး စစ်ကြောင်းပြန်မထွက်သေးတာကြောင့် အသေးစိတ်စာရင်းကို မကောက်ယူနိုင်သေးဘူးလို့ ဆိုပါတယ်။
ဧပြီ ၂၉ ရက်ဒီမနက်မှာတော့ သံဘိုရွာကနေ ပန်းပေါင်းစုံကျေးရွာဘက်ကို စစ်ကြောင်းထွက်သွားပြီး လက်ရှိအချိန်ထိ လမ်းပိုင်းမှာပဲရှိနေသေးတယ်လို့ သိရပါတယ်။
ဒါ့အပြင် အိမ်ခြေ ၁၀၀ ကနေ ၄၀၀ ကြားရှိတဲ့ ဆည်ကုန်းရွာ၊ ထန်းပင်ကုန်းတောရိုး၊ သံချေးကုန်းရွာ၊ စုံတောမြိုင်၊ ခပေါင်း၊ မဲတော၊ ရုံးစဥ်လေး၊ သံဘိုရွာတို့က လူဦးရေ ၁၀,၀၀၀ နီးပါးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်ကလည်း တောင်သာမြို့နယ်၊ ပဲလင်းကျော်ကျေးရွာကို စစ်ကော်မရှင် စစ်ကြောင်းက ဝင်ရောက်မီးရှို့တာကြောင့် နေအိမ်နဲ့ဘုန်ကြီးကျောင်းအပါအဝင် အဆောက်အဦး ၅၀ ကျော်မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
စာတည်း – လင်း