အင်းတော် ၁၀ မိုင်ကုန်းကို စစ်ကြောင်းရောက်လာလို့ ဒေသခံထောင်ချီတိမ်းရှောင်နေရ

0 36
0 36

အင်းတော်၊ ဧပြီ ၂၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့နဲ့ ၁၀ မိုင်အကွာရှိ ဒေသအခေါ် ၁၀ မိုင်ကုန်းထိ စစ်ကော်မရှင်စစ်ကြောင်းရောက်လာတဲ့အတွက် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၁ ရက်ကတည်းက ကသာမြို့ကနေ အင်အား ၃၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ဧပြီ ၂၇ ရက်မှာ ၁၀ မိုင်ကုန်းထိရောက်လာတယ်လို့ ဆိုပါတယ်။

“ကသာနဲ့ နဘားကြား ၁၀ မိုင်ကုန်းကိုရောက်နေပြီ။ အင်းတော်နယ်ထဲဝင်ပြီးရှေ့ဆက်မတိုးနိုင်တော့ ၁၀ မိုင်မှာပဲ တစ်နေတာ။ လမ်းတလျှောက်လုံး ထိတွေ့မှုတော့ဖြစ်လာတယ်။ အဲဒါကြောင့်မို့လည်း ရှေ့တိုး လိုက်နောက်ဆုတ်လိုက်ဖြစ်နေတယ်။ အဓိက နဘားလမ်းဆုံအထိုင်ချချင်တာဆိုတော့ ဒေသခံတွေ ပြေးကြရတယ်”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဒေသကာကွယ်ရေးတပ်တွေနဲ့လည်း စစ်ရေးတင်းမာလျှက်ရှိနေတယ်လို့ သိရပြီး တိုက်ခိုက်မှုအခြေအနေတွေနဲ့ပတ်သက်လို့ မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကြောင်းထိုးလာတဲ့သတင်းကြောင့် မော်လူးမြို့၊ နန်းမကြိုင်း၊ နဘား၊ ကမ်းနီ၊ နန်းရခေါင်၊ ကြံတော၊ နန်းတောင်၊ ကျော်ရွာ စတဲ့ရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာ ဧပြီ ၂၁ ရက်ကစတင်ပြီး ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အင်းတော်မြို့နယ်ကို ၂၀၂၅ ဧပြီလမှာ ဒေသခံကာကွယ်ရေးတပ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက မြို့ခံအများစုကတော့ အင်းတော်မြို့ထဲမှာပြန်လည်နေထိုင်တာ မရှိကြဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။