ထိုင်းမြောက်ပိုင်းမှာ နေအိမ်တွင်းရှိနေတဲ့ အထောက်အထားမဲ့မြန်မာ ၆၃ ဦး ဖမ်းဆီးခံရ

0 18
0 18

မြေလတ်အသံ၊ ဧပြီ ၂၄၊ ၂၀၂၆။

ထိုင်းနိုင်ငံမြောက်ပိုင်း ဖယော(Phayao)ခရိုင်ထဲက အိမ် ၁ လုံးကို ဧပြီ ၂၃ ရက် ညနေ ၃ နာရီခွဲခန့်မှာ အာဏာပိုင်တွေက ဝင်ရောက်စီးနင်းရာ ပုန်းအောင်းနေထိုင်နေကြတဲ့ အထောက်အထားမဲ့မြန်မာ ၆၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ တာဝန်ရှိသူတွေ ပြောပါတယ်။

အဆိုပါဖမ်းဆီးမှုဟာ အရင်က ဖမ်းဆီးရမိထားတဲ့အမှုတွေကနေ ဆက်စပ်သဲလွန်စတွေ ရရှိလာတာကြောင့် လူကုန်ကူးကွန်ယက်ကြီးတခုနဲ့ ဆက်နွယ်နေနိုင်တယ်လို့ ယူဆပြီး ဆောင်ရွက်ခဲ့တာလို့ သိရကြောင်း ထိုင်းဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

ဖမ်းမိသူတွေထဲမှာ ပအိုဝ်း၊ ရှမ်း၊ ကရင် တွေအပါအဝင် တိုင်းရင်းသားမျိုးနွယ်ပေါင်းစုံက အမျိုးသား ၃၃ ယောက်၊ အမျိုးသမီး ၃၀ ယောက် ပါဝင်ပြီး အဲ့ဒီအထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေး ၃ ယောက်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုမ်ချိုင်း ဝေါင်ဂျီရီယာကာဆမ် (Somchai Wongjiriyakasem) ရဲ့ ညွှန်ကြားချက်နဲ့ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားအရာရှိတွေနဲ့ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ဖမ်းမိသူတွေကို အတင်းအဓမ္မအလုပ်ခိုင်းစေမှုနဲ့ လူကုန်ကူးမှုဆိုင်ရာ ဆက်နွယ်မှုရှိမရှိ စစ်ဆေးနေကြပါတယ်။

အစောပိုင်း စစ်ဆေးချက်တွေအရ သူတို့ဟာ ချင်းရိုင်ခရိုင် မယ်ဆိုင်ဘက်ကနေ တရားမဝင် ဝင်ရောက်လာခဲ့ကြပြီး “Sam” နဲ့ “Palm” လို့ ခေါ်တဲ့ ပွဲစားတွေရဲ့အစီအစဉ်နဲ့ ဗန်ကားတွေအသုံးပြုပြီး အဆင့်ဆင့် ပို့ဆောင်ခဲ့ကာ ဘန်ကောက်နဲ့ ဖိစနုလောက်ဘက် မီးရထားလမ်းအနီးနေရာတွေကို ဆက်သွားဖို့အတွက် အဆိုပါအိမ်မှာ စောင့်ဆိုင်းနေကြတာလို့ ဆိုပါတယ်။

ပွဲစားခအဖြစ် ၁ ယောက်ကို ဘတ် ၈,၅၀၀ ကနေ ၁၀,၀၀၀ လောက်ထိ ပေးခဲ့ရတာဖြစ်ပြီး အချို့ကတော့ နယ်စပ်ဖြတ်ကျော်လက်မှတ်တွေ ရှိပေမယ့် အဲ့ဒီလက်မှတ်နဲ့ နယ်စပ်အနီးမှာပဲ သွားလာခွင့်ရှိတာဖြစ်ပြီး နိုင်ငံအတွင်းပိုင်းကို ဝင်ရောက်ခွင့် မရှိတာကြောင့် ထိုင်းဥပဒေအရ တရားဝင် ဝင်ရောက်ခွင့်မရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာ လူကြီးတွေကို တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ထားပြီး ဖယောမြို့မရဲစခန်းကို လွှဲပြောင်းထားကာ အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်ကိုတော့ ကလေးနဲ့ မိသားစုစောင့်ရှောက်ရေးစင်တာကို ပို့ပြီး ကာကွယ်စောင့်ရှောက်မှုနဲ့ အခြေအနေ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ပိုင်းမှာ နေရပ်ကို ပြန်ပို့သွားမယ်လို့ တာဝန်ရှိသူတွေ ပြောပါတယ်။

Source – Khaosod English.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။