စစ်ကိုင်းနဲ့ချင်းနယ်စပ်က ကာကွယ်ရေးစခန်း ၁ ခုကို လေကြောင်းကတိုက်ခိုက်လို့ ရဲဘော် ၃ ဦးသေဆုံး

0 1
0 1

မြေလတ်အသံ၊ ဇန်နဝါရီ ၁၈၊ ၂၀၂၅။

ဒေသကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်က ဒေသကာကွယ်ရေးတပ်စခန်း ၁ ခုကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော် ၃ ဦးကျဆုံးထားပြီး ၁၀ ဦးကျော်ဒဏ်ရာရထားတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။

ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီက ကလေးနယ်မြောက်ပိုင်း၊ စော်ဘွား‌‌ရေရှင်ရွာအနီး ချင်းပြည်နယ်အစပ်က ကာကွယ်ရေးတပ်စခန်း ၁ ခုကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ အသက် ၂၀ နဲ့ ၃၀ ကြား ရဲဘော် ၃ ဦးကျဆုံးခဲ့ပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရှိသူတွေဟာ ဆေးကုသမှုခံယူနေကြရတယ်လို့ သိထားရပြီး လေကြောင်းတိုက်ခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး စော်ဘွားရေရှင်ရွာကဒေသခံတွေကို မြေလတ်အသံကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းအခက်အခဲအရ ဆက်သွယ်လို့မရခဲ့ပါဘူး။

NUG ဝန်ကြီးအချို့က ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းအတွင်းမှာ ရုံးထိုင်မယ်လို့ မီဒီယာတွေမှာ ပြောဆိုပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာပါ။

ဇန်နဝါရီ ၁၆ ရက်ညကလည်း NUG ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ ခမ်းပါတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့ကြောင့် ပလဖရဲဘော် ၁ ဦးနဲ့ ကလေးငယ် ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

၂၀၂၄ ဩဂုတ် ၂၇ ရက်ကလည်း စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်အစပ်က NUG လက်အောက်ခံ ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသကာကွယ်ရေးရဲဘော် ၁ ဦး‌သေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ဇန်နဝါရီလ ၁၆ ရက်အထိ စစ်ကောင်စီကြောင့် အရပ်သား ၆,၁၈၂ ဦးသေဆုံးထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းပြုစုချက်အရ သိရပါတယ်။

သတင်း – ကိုစည်သူ၊ စာတည်း – ဈာန်မြင့်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။