မုံရွာ၊ ဧပြီ ၁၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာကို စက်တပ်လေထီးနဲ့ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ်ပကဖတာဝန်ရှိသူဆီက သိရပါတယ်။
ဧပြီ ၁၆ ရက်နေ့လယ် ၂ နာရီခန့်မှာ စက်တပ်လေထီး ၃ စီးဟာ ကျေးရွာအနီး ထန်းဇလုပ်ချောင်းနားကို ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။
“ဘာမှမရှိဘဲနဲ့ စက်တပ်လေထီးတွေက အရာတော်ဘက်ကိုသွားပြီးတော့ အပြန်မှာချသွားတာ။ ချောင်းနားမှာကပြည်သူတွေ ရေကစားတာရှိတယ်။ လူတွေလည်းတအားရှုပ်နေတာမျိုးမဟုတ်ဘူး။ တမင်ချချင်လို့ချသွားတာ”လို့ မုံရွာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်တာကြောင့် အသက် ၃၀ ကျော်ဝန်းကျင်အရွယ်အမျိုးသမီး ၂ ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၂၀ ကနေ ၄၀ ကြား အမျိုးသားနဲ့အမျိုးသမီး ၁၀ ဦးကျော်ဒဏ်ရာရပြီး နေအိမ် ၂ လုံးနဲ့ဆိုင်ကယ်ပြင်ဆိုင် ၁ ဆိုင်မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂ ရက်ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာကို စစ်ကော်မရှင်ဘက်က စက်တပ်လေထီးနဲ့ဗုံးကြဲလို့ ကလေးငယ် ၂ ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း