ကြို့ပင်ကောက်မှာ လေပြင်းတိုက်လို့ အိမ် ၂၅၀ ကျော်ပျက်စီးပြီး လူ ၁၀ ဦးဒဏ်ရာရ

0 11
0 11

ကြို့ပင်ကောက်၊ ဧပြီ ၁၈၊ ၂၀၂၆။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာ ၆ ရွာမှာ လေပြင်းတိုက်လို့ အိမ်ခြေ ၂၅၀ ကျော်ပျက်စီးပြီး လူ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၁ တပ်ခွဲမှူးဆီက သိရပါတယ်။

ဧပြီ ၁၇ ရက် ညနေ ၃ နာရီခန့်မှစတင်ကာ လေပြင်းတိုက်၊ မိုးသည်းထန်စွာရွာသွန်းခဲ့တာလို့ ဆိုပါတယ်။

“၃ နာရီကျော်လောက်မှာစပြီး လေစတိုက်တယ်။ ၅ နာရီကျော်လောက်လေရပ်ပြီးတာနဲ့ မိုးကတအားကြီးရွာတယ် မိုးသီးတွေတောင်ကျတယ်။ အိမ်တွေက လေတအားတိုက်လို့ အချို့တွေက သစ်ပင်ပိတာ၊ ခေါင်တွေပြုတ်ထွက်တာ၊ ပြိုသွားတဲ့အိမ်တွေကပြိုသွားတာ”လို့ သာယာဝတီခရိုင် တပ်ရင်း ၁၊ တပ်ခွဲ ၁ တပ်ခွဲမှူး ကိုကရင်လေးက ပြောပါတယ်။

လေပြင်းတိုက်တာကြောင့် မြို့ကိုင်းကျေးရွာက အိမ်ခြေ ၇၀ လုံး၊ ကွက်သစ်ကျေးရွာက ၅၆ လုံး၊ ချောင်းဝကျေးရွာက ၈၈ လုံး၊ ညောင်ပင်သာကျေးရွာမှာ ၁၇ လုံး၊ သရက်ကုန်းကျေးရွာမှာ ၁၂ လုံး၊ မင်းဝကျေးရွာမှာ ၁၀ လုံး စုစုပေါင်းအိမ်ခြေ ၂၅၃ လုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အိမ်ပြိုတာ၊ သစ်ကိုင်းပိတာတွေကြောင့် မြို့ကိုင်းကျေးရွာက အသက် ၁၀ နှစ်အရွယ်ယောင်္ကျားလေး ၂ ဦး၊ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး၊ ကွက်သစ်ကျေးရွာမှာ အသက် ၇၀ အရွယ်အမျိုးသမီး ၂ ဦး၊ အသက် ၁၂ နှစ်အရွယ်ယောင်္ကျားလေး ၁ ဦး၊ ချောင်းဝကျေးရွာက ၄ ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကိုကရင်လေးကပြောပါတယ်။

နေအိမ်ပျက်စီးသွားသူတွေဟာ လက်ရှိမှာ နီးစပ်ရာဆွေမျိုးနေအိမ်မှာ ယာယီနေထိုင်နေရပြီး တစိတ်တပိုင်းပျက်စီးသူတွေက နေအိမ်ကိုပြန်လည်ပြင်ဆင်ရင်း ၎င်းတို့ပိုင်ခြံထဲမှာပင် တဲထိုး၊ တာလပတ်ကာပြီး နေထိုင်ကြတယ်လို့ ဆိုပါတယ်။

လဲကျသွားတဲ့သစ်ပင်တွေနဲ့ နေအိမ်ပျက်စီးမှုတွေကို လက်ရှိမှာရှင်းလင်းဖယ်ရှားနေကြပြီး နေအိမ်ပျက်စီးဆုံးရှုံးခဲ့သူတွေအတွက်ကတော့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။