အဓမ္မဖမ်းဆီးစစ်မှုထမ်းပို့ခံရပြီး ရှေ့တန်းမှာသေဆုံးတဲ့ စစ်ကောင်စီတပ်သားကို လျော်ကြေး ၈ သိန်း သာပေး

0 1
0 1

ပဲခူး၊ ဇန်နဝါရီ ၂၃၊ ၂၀၂၅။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်မှာ အဓမ္မဖမ်းဆီးစုဆောင်းခံရပြီး ရှေ့တန်းမှာသေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားကို စစ်ကောင်စီက ကျပ် ၈ သိန်းသာ လျော်ကြေးပေးတယ်လို့ သေဆုံးသူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးသူဟာ သာယာဝတီမြို့နယ်၊ လက်ပံတုန်းအုပ်စု၊ ရေတွင်းကုန်းရွာက အသက် ၃၄ နှစ် အရွယ် ကိုချစ်နန်းဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက် မနေ့ နေ့လယ်က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်သားတချို့က နေအိမ်ကိုလာရောက်ကာ မိသားစုကို လျော်ကြေးပေးခဲ့တာလို့ ဆိုပါတယ်။

” စစ်မှုထမ်းထောက်ပံ့ကြေး ၈ သိန်း ဆိုပြီးလာပေးတာ၊ နောက်ထပ် ၅ သိန်း ထပ်ပေးအုံးမယ်လို့လည်း ပြောသွားတယ်။ ကိုချစ်နန်းအမျိုးသမီး နောက်အိမ်ထောင်မပြုမချင်း ထောက်ပံ့ပေးမယ် ကလေးတွေကိုလည်း အသက် ၁၈ နှစ် မပြည့်မချင်းထောက်ပံ့ပေးမယ်ဆိုပြီး ပြောသွားတယ်”လို့ အဆိုပါဒေသခံက ပြောပါတယ်။

ကိုချစ်နန်းကို ၂၀၂၄ မေလအတွင်းမှာ စစ်ကောင်စီတပ်က နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးကာ စစ်မှုထမ်းအဖြစ်ပို့ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်အဆက်အသွယ်ပြတ်နေခဲ့ကာ ဇန်နဝါရီ ၂၁ ရက်မှ ရခိုင်ပြည်နယ်အတွင်းက စစ်မျက်နှာတခုမှာသေဆုံးကြောင်းကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက မိသားစုကို လာရောက်အကြောင်းကြားခဲ့တာပါ။

အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဝင်တွေဟာ ကိုချစ်နန်းသေဆုံးကြောင်းကိုသာပြောဆိုခဲ့ပြီး သေဆုံးခဲ့တဲ့ နေ့ရက်နဲ့ တိုက်ပွဲကိုတော့ ပြောကြားသွားခြင်းမရှိဘဲ ကိုချစ်နန်းမှာ မိခင်ဖြစ်သူနဲ့ ဇနီးအပြင် ကလေးငယ် ၂ ဦးလည်း ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ပံတုန်းအုပ်စုအတွင်းမှာ စစ်မှုထမ်းဖို့အတွက် ကိုချစ်နန်းနဲ့ တညတည်းဖမ်းဆီးခံရတဲ့ ကိုဝင်းလွင်အပါ လူငယ် ၁၅ ဦးခန့်ရှိပြီး အများစုဟာမိသားစုနဲ့ အဆက်သွယ်ပြတ်နေကြတယ် လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်ပြဌာန်းခဲ့ပြီးနောက် နေအိမ်တွေအတွင်းဝင်ရောက်ဖမ်းဆီတာအပါအဝင် ပေါ်တာဆွဲဖမ်းဆီးမှုတွေနဲ့စစ်မှုထမ်းဖို့ပို့ဆောင်နေပြီး လက်ရှိမှာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၉ အထိ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။