မြေလတ်အသံ၊ ဧပြီ ၇၊ ၂၀၂၆။
စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် ၂၀၂၆ မတ် ၁ ရက်ကနေ ၃၁ ရက်အတွင်း အမျိုးသမီး ၈၈ ဦးသေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU ရဲ့ ဧပြီ ၇ ရက်ထုတ် အစီရင်ခံစာမှာဖော်ပြပါတယ်။
စစ်ကော်မရှင်ရဲ့လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၇ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၂၁ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၄ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၃ ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၁ ဦး၊ အကျဥ်းထောင်တွင်းဆေးကုသခွင့်မရရှိခြင်းကြောင့် ၁ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦး သေဆုံးခဲ့ကြတာပါ။
အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက ၃၇ ဦးနဲ့သေဆုံးသူအများဆုံးဖြစ်ခဲ့ပြီး ပဲခူးတိုင်းက ၂၈ ဦး၊ မကွေးတိုင်းက ၅ ဦး၊ မန္တလေးတိုင်းက ၅ ဦး၊ ကရင်ပြည်နယ်က ၅ ဦး၊ ကရင်နီပြည်နယ်က ၄ ဦး၊ တနင်္သာရီတိုင်းက ၂ ဦး၊ ရှမ်းပြည်နယ်က ၁ ဦးနဲ့ ရခိုင်ပြည်နယ်က ၁ ဦးတို့ဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂၀ ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃ ဦးပါဝင်ပါတယ်။
အလားတူ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၈ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ ဦး၊ ကျည်ထိမှန်မှုတို့ကြောင့် ၁ ဦး စုစုပေါင်း အမျိုးသမီး ၅၄ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
မတ်လအတွင်း အမျိုးသမီးအများဆုံးသေဆုံးခဲ့တဲ့ဖြစ်စဥ်ထဲမှာ မတ်လ ၅ ရက်က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းရွာက ဒေသခံတွေကို စစ်ကော်မရှင်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်ဖြစ်ပြီး စုစုပေါင်း အမျိုးသမီး ၁၇ ဦးသေဆုံးခဲ့တယ်လို့လည်း BWU ရဲ့ အစီရင်ခံစာမှာဖော်ပြပါတယ်။