26 July 2026 10:09 PM

UFC 306 မှာ မက္ကဆီကိုဖိုက်တာ အက်ဂါချိုင်းရက်ဇ်နဲ့ ထိုးသတ်သွားမယ့် ဗန် (အားကစားသတင်း)

0 1
0 1

မြေလတ်အသံ၊ စက်တင်ဘာ ၁၄၊ ၂၀၂၄။

UFC ပြိုင်ပွဲတွေမှာ ဝင်ရောက်ထိုးသတ်နေတဲ့ ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန် ကတော့ UFC 306 မှာ မက္ကဆီကိုဖိုက်တာ အက်ဂါချိုင်းရက်ဇ် နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။ ဗန်ဟာ ဒီပွဲကို ပြိုင်ဘက်ချိုင်းရက်ဇ်နဲ့ထိုးသတ်မယ့် ကယ်ဗင်ဘိုဟာ့စ်နုတ်ထွက်သွားတာကြောင့် လူစားထိုးကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး Flyweight တန်းမှာ ထိုးသတ်သွားမှာပါ။  

အမေရိကန်နိုင်ငံ၊ လပ်စ်ဗီးဂက်စ်မြို့မှာကျင်းပမယ့် UFC 306 ပြိုင်ပွဲဟာ မက္ကဆီကိုအငွေ့အသက်တွေလွှမ်းခြုံထားပြီး မက္ကဆီကိုဖိုက်တာတွေ အများဆုံးပါဝင်တဲ့ပွဲစဉ်တပွဲဖြစ်တာကြောင့် ချိုင်းရက်ဇ်အတွက်တော့ စိတ်ပိုင်းဆိုင်ရာမှာ အားသာမှုရှိနေမှာသေချာပါတယ်။ UFC မှာ သုံးပွဲထိုးပြီး တပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံးရလဒ်ပိုင်ဆိုင်ထားတဲ့ချိုင်းရက်ဇ်ဟာ ပြိုင်ဘက်ကို Stand Fight ယှဉ်ထိုးတာများပြီး လူချင်းပူးကပ်သွားချိန်တွေမှာ ချုပ်ကွက်တွေကို ရုတ်တရက်ပြောင်းလဲအသုံးပြုတတ်ပါတယ်။ ဗန်ထက် အရပ်နဲ့လက်တံထိရောက်မှုအားသာချက်ရှိပြီး အားပါပြင်းထန်တဲ့အောက်ခြေကန်ချက်တွေကို အသုံးပြုတတ်တဲ့ကစားသမားတဦး ဖြစ်ပါတယ်။

UFC မှာပွဲများများထိုးပြီး ချန်ပီယံခါးပတ်ပတ်ခွင့်ရတဲ့ ပထမဦးဆုံးမြန်မာဖိုက်တာဖြစ်ချင်တဲ့ ဗန်ကတော့ ဒီပွဲကိုလည်း လူစားထိုးအနေနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဗန်ဟာ ပြီးခဲ့တဲ့ဒန်ဗာမြို့ပြိုင်ပွဲမှာ ဖိုက်တာဘဝရဲ့ပထမဆုံးရှုံးပွဲအဖြစ် ချားလ်ဂျွန်ဆင်ကိုရှုံးနိမ့်ခဲ့ပေမယ့် ပြိုင်ပွဲတွေအတွက်အမြဲတမ်းအသင့်ရှိနေပြီး ပြိုင်ဘက်မရွေး ယှဉ်ပြိုင်ထိုးသတ်ရဲသူတဦးလည်း ဖြစ်ပါတယ်။ ဗန်ဟာ ပြိုင်ဘက်နဲ့ Stand Fight ယှဉ်ထိုးတာကို နှစ်သက်လေ့ရှိပြီး ပြင်းထန်တိကျတဲ့လက်သီးတွဲလုံးတွေကို အသုံးပြုတတ်ပါတယ်။ ပြိုင်ဘက်ချိုင်းရက်ဇ်ဟာ အရပ်အမောင်းနဲ့လက်တံပိုသာပေမယ့် ဗန်အတွက်တော့ ဒီလိုပြိုင်ဘက်တွေနဲ့ထိုးသတ်ရတာ ရိုးနေပြီလို့ပြောရမှာပါ။ ပြိုင်ဘက်ကို အနီးကပ်ဖိအားပေးထိုးသတ်တတ်တဲ့ဗန်ဟာ ကိုယ့်ထက်အရပ်အမောင်းနဲ့လက်တံသာတဲ့ ကယ်ဗင်ဘိုဟာ့စ်၊ ဖိလစ်ပီဘူးနပ်စ်တို့ကို အသာစီးထိုးပြီး အနိုင်ယူပြထားပါတယ်။ 

UFC 306 မှာ Stand Fight ယှဉ်ထိုးရတာကိုနှစ်သက်ကြတဲ့ ဖိုက်တာနှစ်ယောက်ထဲက အနိုင်ရမယ့်သူဟာ ချိုင်းရက်ဇ်လား၊ ဗန်လားဆိုတာကို မကြာခင်အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။ UFC 306 ပြိုင်ပွဲတွေကိုတော့ အမေရိကန်နိုင်ငံ၊ လပ်စ်ဗီးဂက်စ်မြို့မှာ စက်တင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့မနက် မြန်မာစံတော်ချိန် ၆ နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 

Photo – UFC .

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။