မြေလတ်အသံ၊ မတ် ၁၈၊ ၂၀၂၆။
အရှေ့အလယ်ပိုင်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို ဦးတည်ပျံသန်းမယ့် လေယာဉ်ခရီးစဉ်ပေါင်း ၁ ထောင်ခန့် ဖျက်သိမ်းခဲ့ရကြောင်း ထိုင်းလေကြောင်းရေဒီယို (Aeronautical Radio of Thailand) က ထုတ်ပြန်ထားတယ်လို့ Bangkok Post သတင်းဌာနမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က တီဟီရန်မြို့ကို တိုက်ခိုက်ခဲ့ရာကနေ ပဋိပက္ခတွေစတင်လာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းအခြေစိုက်လေကြောင်းလိုင်းတွေရဲ့ ခရီးစဉ်တွေအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုတွေရှိလာခဲ့ကြောင်း Aerothai ရဲ့ ခေတ္တဥက္ကဋ္ဌဖြစ်သူ Mr. Surachai Nuprom က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းရှိ လေကြောင်းလိုင်းတွေဟာ ထိုင်းနိုင်ငံကို ပျံသန်းမယ့် ခရီးစဉ်ပေါင်း ၁ ထောင်ခန့်ကို ဖျက်သိမ်းခဲ့ကြောင်းသိရပြီး ခရီးစဉ် ၆၀၀ ခန့်မှာ သုဝဏ္ဏဘူမိလေဆိပ်ကို ဆင်းသက်မယ့်ခရီးစဉ်တွေဖြစ်ပြီး ၄၀၀ ခန့်မှာ ဖူးခက်လေဆိပ်ကို ဆင်းသက်မယ့် ခရီးစဉ်တွေဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ခရာဘီ၊ ချင်းမိုင်နဲ့ ဒွန်မောင်းလေဆိပ်တွေမှာလည်း အလားတူ လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှုတွေ ရှိခဲ့ပြီး ရပ်နားလိုက်ရတဲ့ လေယာဉ်ခရီးစဉ်တွေဟာ ဆိုက်ရောက်ခရီးစဉ်အားလုံးရဲ့ ၃ ရာခိုင်နှုန်းခန့်ရှိတယ်လို့ Bangkok Post က ဖော်ပြပါတယ်။
အရှေ့အလယ်ပိုင်း မငြိမ်မသက်မှု၊ လေကြောင်းပိုင်နက်ပိတ်ထားမှုနဲ့ လက်ရှိ စွမ်းအင်အကျပ်အတည်းတွေကြောင့် လေကြောင်းလိုင်းတွေက လေယာဉ်လက်မှတ်ခတွေကို တိုးမြှင့်လိုက်ပြီး လေကြောင်းခရီးသွားလာမှု လျော့နည်းသွားတာကြောင့် ယခုနှစ်မှာ လေကြောင်းကဏ္ဍအနေနဲ့ ယခင်နှစ်ထက် ၃ ရာခိုင်နှုန်းခန့်သာ တိုးတက်နိုင်တော့မှာဖြစ်တယ်လို့ Mr. Surachai က ပြောကြားခဲ့ပါတယ်။
Source – Bangkok Post