မြင်းခြံ၊ မတ် ၅၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်ကျေးရွာမှာ စစ်ရှောင်တွေနေတဲ့နေရာပေါ် ဒရုန်းနဲ့ ဗုံးချခံရလို့ ကလေး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
မတ်လ ၄ ရက် နေ့လယ် ၂ နာရီကျော်ခန့်မှာ နဘူးအိုင်ရွာထဲ တပ်စွဲထားတဲ့စစ်ကော်မရှင်အဖွဲ့က ကျေးရွာတောင်ဘက် မီတာ ၂၀၀ ခန့်အကွာ မန်ကျည်းကန်ဘုရားဝန်းအနီးဝန်းကျင်မှာနေထိုင်နေတဲ့ စစ်ရှောင်တဲတွေအပေါ်ကို ဒရုန်းနဲ့ဗုံးချခဲ့တာလို့ ဆိုပါတယ်။
“ရိုးကုန်းလေးမှာ ဘုန်းကြီးကျောင်းနဲ့ကပ်လျက်မှာ ချခံရတာ။ စစ်ဘေးရှောင်ပြည်သူတွေ။ ဗုံးက ၄ လုံးချခံရတာ။ ရွာထဲကနေ လာချတာ။ ထိခိုက်သေဆုံးတွေက နဘူးအိုင်ရွာထဲက ရွာခံတွေပဲ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဗုံးချခံရလို့ အသက် ၉ နှစ်အရွယ် မိန်းကလေးနဲ့ မိခင်ဖြစ်သူ အသက် ၃၀ အရွယ်အမျိုးသမီး၊ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတို့ နေရာမှာတင်သေဆုံးပြီး အသက် ၃၀ ကနေ ၅၀ ကြားအမျိုးသမီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
အဆိုပါဘုရားဝန်းမှာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက် ၂၀၀ ခန့်ရှိပြီး နဘူးအိုင်ရွာခံတွေဖြစ်ကာ ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက ရွာမှာ စစ်ကော်မရှင်စစ်ကြောင်းဝင်လာလို့ တိမ်းရှောင်လာရသူတွေဖြစ်ပါတယ်။
ဒရုန်းဗုံးချခံရပြီးနောက် ထိခိုက်သေဆုံးသူတွေရှိလာတဲ့အတွက် ဘုရားဝန်း ဝန်းကျင်နေထိုင်နေတဲ့ စစ်ဘေးရှောင်အားလုံး နီးစပ်ရာကျေးရွာတွေကို ထပ်မံထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဆိုပါတယ်။
နဘူးအိုင်ရွာထဲ စစ်ကော်မရှင်အထိုင်ချထားတဲ့ စစ်ကြောင်းဟာ မတ်လ ၅ ရက်အထိ ရွာမှာရှိနေသေးပြီး စစ်ကြောင်းဝင်လာတဲ့ရက်ကတည်းက အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ကျေးရွာက ပြည်သူအားလုံးဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်မရှင်တပ်ဟာ မြင်းခြံ – နဘူးအိုင် – မြို့သာလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ဖေဖော်ဝါရီ၂၅ ရက်ကတည်းက မြို့သာဘက်နဲ့ နွားထိုးကြီးမြို့ကနေ စစ်ကြောင်းထိုးလာပြီး ယခုနဘူးအိုင်ရွာကို ဝင်စီးထားကာ အနီးပတ်ဝန်းကျင်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ညောင်ဝန်းကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတို့ကို စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်မီးရှို့ပစ်ခတ်လို့ အိမ်ခြေ ၄၀ ကျော်မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – မြတ်