မင်းတုန်း၊ မတ် ၂၊ ၂၀၂၆။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးကို စစ်ကော်မရှင်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂၅ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
မတ် ၁ ရက် မနက် ၁၁ နာရီကျော်မှာ ဂျက်ဖိုက်တာ ၂ စီးက ပြောင်းကျေးရွာအနီးက ကုန်တင်ကုန်ချလုပ်တဲ့နေရာကို ဗုံး ၈ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။
“ဘောလုံးကွင်း ၁ ကွင်းစာပတ်လည်လောက် ဗုံးကြဲခံရပြီး မီးလောင်နေမယ်။ မီးခိုးတွေထွက်နေမယ်။ ဒဏ်ရာရတွေရှိမယ်။ မီးလောင်သေဆုံးနေတာ မီးလောင်လျက်တွေရှိမယ်။ အရင်ဆုံးဒဏ်ရာရသူတွေ ထုတ်ပြီးတော့ လွတ်တဲ့နေရာလောက်ကိုခေါ်ထုတ်ပြီး ဆေးကုသမှုပေးတာ။ ကျန်တဲ့ဟာ ဘော်ဒီတွေက ဖြည်းဖြည်းချင်း ဆွဲထုတ်လုပ်ရတာပေါ့။” လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


ဗုံးမကြဲခင် ၂ ရက်လောက်ကလည်း စစ်ကော်မရှင်ဘက်က ကင်းထောက်ဒရုန်းနဲ့ပျံဝဲတာတွေရှိခဲ့ပြီး ဗုံးကြဲပြီးတဲ့နောက်မှာလည်း စစ်ကော်မရှင်ရဲ့ဂျက်ဖိုက်တာက ၂ နာရီလောက်ဝဲနေခဲ့တယ်လို့လည်း ဆိုပါတယ်။
အခုဗုံးကြဲခံရတဲ့နေရာမှာ မင်းတုန်းမြို့နယ်ထဲကကျေးရွာတွေနဲ့ ရခိုင်ဒေသကိုပို့ဆောင်မယ့် ကုန်စည်တင်ကားတွေ ကုန်တင်ကုန်ချလုပ်တဲ့နေရာဖြစ်သလို အနီးဝန်းကျင်မှာလည်း စျေးဆိုင်တွေရှိတာကြောင့် ထိခိုက်သေဆုံးသူများသွားတာလို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၂၃ ဦးသေဆုံးပြီး အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၅ ဦးခန့်ဒဏ်ရာရကာ ဒဏ်ရာရသူတွေထဲမှာလည်း စိုးရိမ်ရသူတွေရှိသေးတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။

သေဆုံးထိခိုက်သူတွေက ကုန်တင်ကုန်ချအလုပ်သမားတွေ၊ ယာဥ်မောင်းတွေ၊ ကုန်သည်တွေနဲ့ စျေးဆိုင်ရောင်းချနေသူတွေဖြစ်ပြီး အသက် ၂၀ ကနေ ၅၅ နှစ်ကြားဖြစ်ကာ ပြောင်းကျေးရွာ၊ ထန်းလေးပင်ကျေးရွာနဲ့ ရခိုင်ပြည်နယ်ကလာရောက်နေသူတွေဖြစ်ပြီး ကုန်တင်ယာဥ် ၁၄ စီးနဲ့ ကုန်ပစ္စည်းမျိုးစုံ ကျပ်သိန်းပေါင်း ၂ သောင်းကျော်ခန့် ပျက်စီးသွားတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် ၂၉ ရက်အတွင်း စစ်ကော်မရှင်စစ်ကြောင်းက မင်းတုန်းမြို့နယ်၊ ဝက်ကော်၊ ပြောင်း၊ ထန်းလေးပင်၊ သီးပင်ကုန်း၊ ကင်းမွန်တောင့်ကျေးရွာတွေကိုစစ်ကြောင်းထိုးခဲ့ချိန် သီးပင်ကုန်းရွာသား ၁ ဦးကိုပစ်သတ်ပြီး ဝက်ကော်၊ ထန်းလေးပင်နဲ့ကင်းမွန်တောင့်ရွာတွေက အိမ်ခြေ ၂၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း