ရေတာရှည်မှာ PDF ၁ ဦးအပါ ၂ ဦး စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရ

0 43
0 43

ရေတာရှည်၊ မတ် ၂၊ ၂၀၂၆။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာအနီးမှာ စစ်ကော်မရှင်စစ်ကြောင်းနဲ့တွေ့လို့ PDF ၁ ဦးနဲ့ပြည်သူ ၁ ဦး ဖမ်းဆီးသတ်ဖြတ်ခံရလို့ ရေတာရှည်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။

အသတ်ခံရသူတွေဟာ လုံးရမ်းရွာသား အသက် ၂၀ ကျော်အရွယ် စောစည်သူနဲ့ ပြည်သူ့လွတ်မြောက်ရေးကျောင်းသားတပ်တော်က အသက် ၁၈ နှစ်အရွယ် ရေခဲတို့ဖြစ်ပြီး ဖေဖော်ဝါရီ ၂၈ ရက်မနက် ၈ နာရီလောက်က စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်အဖွဲ့နဲ့ မရိုးခုံရွာအနီးဖမ်းဆီးခံရပြီးနောက် ရွာထဲမှာနှိပ်စက်ပြီး ညနေပိုင်းမှာ ဆွာချောင်းရေလှောင်တမံကို ခေါ်ဆောင်သတ်ဖြတ်ခဲ့ကြတာလို့ ဆိုပါတယ်။

“အဲ့ကလေးတွေက ကျန်းမာရေးမကောင်းလို့ နောက်တန်းပြန်လွှတ်လိုက်တာ လမ်းမှာစစ်ကြောင်းနဲ့ တည့်တည့်တိုးပြီး ဖမ်းခံလိုက်ရတာ။ ရွာပြင်မှာ ပစ်ခတ်ခြောက်လှန့်ပြီးမှ ဖမ်းတာ။ အရှင်ဖမ်းတာ။ ဖမ်းသွားပြီးမှ ကျေးရွာထဲမှာ လက်ပြန်ကြိုးတုပ် ရိုက်နှက်စစ်ဆေးပြီးတော့မှ ကောင်လေးတွေမှာ ပါသွားတဲ့ ယူနီဖောင်းတွေပြန်ဝတ်ခိုင်းပြီးတော့ ဆွာချောင်းရေလှောင်တမံဘက်ခေါ်သွားပြီး ပစ်သတ်ခဲ့တာ”လို့ ရေတာရှည်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဆွာချောင်းရေလှောင်တမံနဲ့ မရိုးခုံရွာဟာ ၄ မိုင်ကျော်ခန့်ဝေးပြီး အလောင်းတွေကိုတော့ မတ် ၁ ရက်မနက်အစောပိုင်းမှ ပြန်လည်ကောက်ယူပြီး သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းကတော့ မတ် ၂ ရက်အထိ ဆွာချောင်းရေလှောင်တမံတဝိုက်နဲ့ ကိုးပင်-သာဂရလမ်းတဝိုက်မှာ ရှိနေသေးတယ်လို့ ရေတာရှည်ပကဖတာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၃ ရက်ကတည်းက တောင်ငူဘက်ကနေ အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှာ မြင်းဇီးခုံရွာသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။