မြင်းခြံမှာစစ်ကြောင်းထိုးပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံးပြီး အိမ် ၄၀ ကျော်မီးလောင်

0 8
0 8

မြင်းခြံ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့ပစ်ခတ်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၄၀ ကျော်မီးလောင်ပျက်စီးတယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် မနက် ၇ နာရီမှာ နွားထိုးကြီးမြို့နယ်ထဲကနေ အင်အား ၁၅၀ ခန့်နဲ့ ဂွေးကုန်း၊ မြင်းနီကုန်းရွာတို့ကထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်း ၂ ခုက နှပ်ချိုတော၊ မြေတကောင်း၊ ဆိုက်တဲပေါင်၊ ညောင်ဝန်း၊ သက္ကယ်ကျင်းကျေးရွာတွေကို ဆက်တိုက်ဝင်ရောက်ကာ ညောင်ဝန်းနဲ့ သက္ကယ်ကျင်းရွာတွေကို မီးရှို့ခဲ့တာလို့ဆိုပါတယ်။

“တခါတည်းဝင် တခါတည်းရှို့။ နည်းနည်းအရှို့ပြပြီး ယူစရာရှိတာယူပြီးမှ ထပ်ရှို့တာ။ အရင်လို တန်းမရှို့ဘူး။ သူတို့လိုချင်တဲ့ တန်ဖိုးကြီးပစ္စည်းတွေယူပြီးမှ မီးရှို့တော့တာ။ နှပ်ချိုတောတဲ့ ဝင်တဲ့ စစ်ကြောင်းက မီးရှို့မသွားဘူး။ အတွင်းထဲလှန်လှောပြီးမှ တန်ဖိုးရှိပစ္စည်းတွေ့ရင်ယူတယ်။ မတွေ့ရင်မယူဘူး။ ဖွာလှန်ကြဲအောက်လုပ်ပြီးမှပြန်ထွက်တာ”လို့ မြင်းခြံမြို့နယ်ပကဖနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မီးရှို့ခံရတာကြောင့် ညောင်ဝန်းကျေးရွာက အိမ်ခြေ ၂၀ ကျော်နဲ့သက္ကယ်ကျင်းရွာက နေအိမ် ၂၀ ကျော်မီးလောင်ပျက်စီးသွားပြီး စစ်ကြောင်းရှိနေသေးတာကြောင့် နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးတဲ့အတွက် အပျက်အစီးအတိအကျ စာရင်းမကောက်ယူနိုင်သေးဘူး လို့ဆိုပါတယ်။

သက္ကယ်ကျင်းကျေးရွာကို စစ်ကြောင်းဝင်မီးရှို့ချိန် အသက် ၈၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။

“မီးရှို့လိုက်တဲ့ အချိန်မှာ အိမ်ထဲမှာမသွားနိုင်မလာနိုင်တဲ့ သက်ကြီးပေါ့။ အဲဒါရယ် ရှက်သမား(အရက်သမား)မူးနေတဲ့အချိန်မှာ ပစ်သွားတယ်။ “လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

ကျေးရွာတွေကို မီးရှို့၊ ဒေသခံတွေကိုပစ်ခတ်ခဲ့တဲ့ စစ်ကြောင်းဟာ တူးရွင်းဘိုနဲ့ နဘူးအိုင်ရွာဘက်ကို ဆက်ထွက်လာချိန် မနက် ၁၀ နာရီကျော်မှာ တူးရွင်းဘိုနားမှာ ၁ ကြိမ်၊ နဘူးအိုင်ရွာနားမှာ ၁ ကြိမ် ၁ နာရီကျော်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကြောင်းက နဘူးအိုင်ရွာမှာ ညအိပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ် ၂ နာရီခန့်မှာ နဘူးအိုင်ရွာကနေ တူးရွင်းဘိုရွာကို စစ်ကြောင်းပြန်ထွက်လာရာ ကျေးရွာ ၂ ရွာကြားမှာ မိနစ်ပိုင်းလောက်တိုက်ပွဲဖြစ်ပြီးနောက် နဘူးအိုင်ရွာထဲပြန်ဝင်သွားကာ ဖေဖော်ဝါရီ ၂၈ ရက်အထိ ကျေးရွာထဲမှာ အထိုင်ချထားတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲ ၃ ကြိမ်အတွင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က ၁ ဦးဒဏ်ရာရခဲ့ကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးရှိနိုင်ပြီး အရေအတွက်မသိရသေးဘူးလို့ သိရပါတယ်။

လက်ရှိမှာ အိမ်ခြေ ၅၀ ကနေ ၇၀၀ ကြားရှိတဲ့ ညောင်ဝန်း၊ သက္ကယ်ကျင်း၊ နဘူးအိုင်၊ တူရွင်းဘို၊ နှပ်ချိုတော၊ မြေတကောင်း၊ ဆိုက်တဲပေါင်၊ သိမ်ကုန်း၊ ချင်မြစ်ကျင်းရွာတွေက ပြည်သူ ၅,၀၀၀ ဝန်းကျင်တိမ်းရှောင်နေရပြီး စစ်ကြောင်းရှိနေသေးတာကြောင့် ကျေးရွာမပြန်ကြရသေးဘူးလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၄ ရက်ကလည်း မြင်းခြံမြို့နယ်ထဲက ပြည်တော်သာရွာ၊ တန်းဆောင်းရွာ၊ နတ်ညွန်းရွာနှင့် ဒါးကျွန်း တောင်ရွာ၊ မြောက်ရွာ တို့ကို စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့လို့ အိမ်ခြေ ၁,၀၀၀ နီးပါး မီးလောင်ပျက်စီးထားတယ်လို့သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။