မြင်းမူ၊ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ကလေး ၂ ဦးအပါအဝင် လူ ၁၀ ဦးသေဆုံးခဲ့တယ်လို့ မြင်းမူမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် ည ၇ နာရီကျော်မှာ မုံရွာ နမခစစ်ဌာနချုပ်ကလာတဲ့ စက်တပ်လေထီး(ဂျိုင်ရိုကော်ပတာ) ၃ စီးက ကျေးရွာအတွင်း ဗုံး ၄ လုံးထက်မနည်းကြဲချခဲ့ရာ ဆီကြိတ်စက်လုပ်ငန်းနေရာကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” ရွာအရှေ့ပိုင်းလောက်ကျမယ်။ ဖြစ်ဖြစ်ချင်း ၉ ယောက်သေတယ်။ ဒဏ်ရာရတဲ့အထဲက ၁ ယောက်က အဲ့ညပိုင်းမှာ ထပ်သေတာ။ ကလေး ၂ ယောက် လူကြီး ၈ ယောက်ပါတယ်။”လို့ မြင်းမူမြို့နယ်ပကဖတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
ဗုံးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၅ နှစ်နဲ့ ၁၁ နှစ်အရွယ်မိန်းကလေး ၂ ဦး၊ အသက် ၂၀ အရွယ် PDF တပ်ဖွဲ့ဝင် ၁ ဦး၊ အသက် ၂၀ ကနေ ၆၅ နှစ်ကြား အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး ဗုံးစထိမှန် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အသက် ၄၀ နှစ်ကနေ ၅၀ ကြားရှိ အမျိုးသား ၅ ဦးထိခိုက်ဒဏ်ရာရပြီး ဆီကြိတ်စက်ရုံအပါ အဝင် အဆောက်အဦ ၁၂ လုံးခန့်ပျက်စီးခဲ့ကာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲခံရတာကြောင့် ကျေးရွာပြည်သူတွေ နောက်ထပ်ဗုံးလာကြဲမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူ ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။