စေတုတ္တရာမှာ အရေပြားရောဂါဖြစ်နေတဲ့ PDF နဲ့ စစ်ရှောင်ပြည်သူရာကျော် ဆေးဝါးလိုအပ်နေ

0 6
0 6

စေတုတ္တရာ၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆။

မကွေးတိုင်း၊ စေတုတ္တရာနယ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘေးရှောင်ပြည်သူ ၃၀၀ ထက်မနည်းအရေပြားရောဂါဖြစ်နေပြီး ကုသဖို့ဆေးဝါးတွေလိုအပ်နေတယ်လို့ စေတုတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးဆီက သိရပါတယ်။

စေတုတ္တရာမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှာ ကြီးအုံကြီးဝဆည်ကလာတဲ့ ရေနဲ့တောင်ကျချောင်းရေတွေကို သောက်သုံးရတာနဲ့ ခြင်ကိုက်တာတွေကြောင့် အခုနှစ် ဇန်နဝါရီလဆန်းပိုင်းကစတင်ကာ ၁ ဦးစ ၂ ဦးကနေ ခုလိုလူဦးရေ ရာကျော်တဲ့အထိ ပွားလာတာလို့ ဆိုပါတယ်။

“အယားတွေပေါ်တာပေါ့။ အဲ့ဒီရေကိုချိုးတယ်။ သောက်တယ်ဆိုတော့။ အကြိုကြားတွေ အစိတွေ ပေါ်တာ။ ကူးတယ်ဗျ။ ဖြစ်တာက တကိုယ်လုံးဖြစ်တာပဲ။ မျက်နှာလည်းဖြစ်တာပဲ။ ဒါပေမယ့် အဖြစ်နည်းတယ်။ လက်တွေ၊ ရင်ဘတ်တွေ၊ ပေါင်ခြံတွေ၊ ခြေဆုံးခေါင်းဆုံးဖြစ်တာများတယ်။ “လို့ စေတုတ္တရာပကဖပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ယားနားဖြစ်သူတွေထဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့၊ ဒေသခံတွေနဲ့ စစ်ဘေးရှောင်နေရသူတွေပါဝင်ပြီး လမ်းလျှောက်မရတာ၊ ယားနာတွေကနေ သွေးထွက်တာတွေဖြစ်ပြီး ကုသဖို့ဆေးဝါးကလည်း စျေးကြီးတဲ့အပြင် ဆေးဝါးနဲ့ ကုသပေမယ့်ဆေးဝန်ထမ်းလည်းအင်အားနည်းတာကြောင့် အမြစ်ပြတ်အောင်မကုသနိုင်သေးဘူးလို့ ဆိုပါတယ်။

“ဆေးဝါးလည်းမလုံလောက်ဘူး။ ဆေးတာဝန်ခံက ၂ ဦးတည်းဆိုတော့ ရွာတွေကို ဟိုကုလိုက် ဒီကုလိုက်ပတ်ချာလည်မကုနိုင်ဘူးလေ။ ဆေးလည်းမဖြန့်ဝေနိုင်ဘူး။ ဆေးဝါးမလုံလောက်တော့ အစားအသောက် ငါးတို့အမဲသားတို့ အသားပါတဲ့ဟာတွေမစားကြဘူး။ ဆပ်ပြာတွေဝေငှမသုံးပဲ သီးသန့်သုံးနေကြတာရှိတယ်။ အချို့ကဖြစ်တာနည်းတော့လည်း ပုံမှန်ပဲနေကြတယ်။ “လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ဒီအရေပြားရောဂါတွေအတွက် Insectzole 5% လိမ်းဆေး၊ Desloratidine၊ Ivermectin စတဲ့ သောက်ဆေး၊ လိမ်းဆေးတွေအသုံးပြုနေပေမယ့် စစ်ကော်မရှင်အဖွဲ့တွေက သယ်ယူလမ်းတလျှောက် စစ်ဆေးမှုတင်းကျပ်တာ၊ ဆေး ၁ ဘူး ၂၀,၀၀၀ အထက်ရှိတာတွေကြောင့် အခက်အခဲဖြစ်နေပြီး အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

ဆေးဝါးမလုံလောက်တာကြောင့် တမာခေါက်၊ မကျည်းခေါက်အပါအဝင် ဆေးမြီးတိုတွေနဲ့ ကုကြပေမယ့် ခဏသာကောင်းမွန်ပြီး ပြန်ဖြစ်ကြတာများပြီး ရေရှည်မှာ ဒေသတခုလုံးရှိနေထိုင်သူအားလုံး အရေပြားရောဂါကူးစက်ပျံ့နှံလာမှာကို စိုးရိမ်နေကြရတယ်လို့လည်း စေတုတ္တရာမြို့နယ် ပကဖပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စေတုတ္တရာမြို့နယ်အတွင်း စစ်ကော်မရှင်ရဲ့စစ်ကြောင်းထိုးမှုနဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၅ ရွာထက်မနည်း ဒေသခံ ၃,၀၀၀ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။