နတ်တလင်း၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ပကဖအဖွဲ့စခန်းအဟောင်း ဗုံးကြဲခံရပြီး စခန်းတဲတွေမှာ ယာယီနေထိုင်နေတဲ့ တောင်သူအမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ ကျောက်ပြုတ်ကျေးရွာနဲ့ စောဖြူတောင်ခြေအကြားနေရာကို တိုက်လေယာဥ် ၁ စီးနဲ့ ဗုံး ၁ လုံးကြဲချခဲ့ရာ ပကဖအဖွဲ့စခန်းအဟောင်းတဲတွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
” ပကဖစခန်း PDF စခန်းတွေရှိတယ်။ အဲ့နေရာတွေမှာ မနေတော့ဘူး။ စခန်းဟောင်းတွေပေါ့။ ဒါပေမယ့်အခုက ယာလုပ်လယ်လုပ်ပြည်သူတွေ နေတယ်။ အခုအဲဒါ မိသားစုလေး ၁ စုထိတာ။ အနားမှာတော့ တဲတွေက ၃/၄ လုံးရှိတယ်။ ၁ လုံး ၂ လုံးလောက်ပဲ လူနေတာ”လို့ ဖြစ်စဥ်ကို သိရှိတဲ့ဒေသခံတဦးက မြေ လတ်အသံကို ပြောပါတယ်။
ဗုံးစထိမှန်တာကြောင့် တောင်ညိုဆည်အနီး မကျီးပင်ကျေးရွာကနေ ယာယီလာရောက်နေထိုင်နေတဲ့ အသက် ၃၀ ကျော်အမျိုးသမီး ၁ ဦး နေရာမှာသေဆုံးသွားခဲ့ပြီး အသက် ၁၀ နှစ်အရွယ် သားဖြစ်သူနဲ့အသက် ၃၀ ကျော် အမျိုးသားဖြစ်သူတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အနီးအနားက တဲ ၅ လုံး ဝန်းကျင် ဗုံးစထိမှန်ပျက်စီးသွားခဲ့ပြီး စခန်းဟောင်းတဲတွေမှာ လယ်ယာလုပ်ကိုင်ရင်းယာယီနေထိုင်နေတဲ့ တခြားမိသားစုတွေလည်း ထပ်မံဗုံးကြဲခံရမှာစိုးရိမ်လို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၆ ရက်ကလည်း နတ်တလင်းမြို့နယ်၊ ငုတ်တိုကျေးရွာရှိ PDF တပ်ဖွဲ့ဝင်တွေနေထိုင်တဲ့ ကင်းစခန်းအပေါ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲလို့ ၆ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။