ချောက်၊ ဖေဖော်ဝါရီ ၃၊ ၂၀၂၆။
မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ စစ်ကော်မရှင်တပ်တွေမီးရှို့ခဲ့တဲ့ ကျေးရွာ ၂ ရွာကို ဖေဖော်ဝါရီ ၂ ရက်မှာ ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
စစ်ကော်မရှင်တပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကိုခံထားရတဲ့ အဆိုပါကျေးရွာ ၂ ရွာက အိမ်ထောင်စု ၁၂၀ ကို ဆန်၊ ဆီ၊ ဆားအပါအဝင် အခြေခံရိက္ခာပစ္စည်းတွေထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
“အိမ်ခြေ ၁၂၀ ကို လှူဒါန်းခဲ့ပါတယ်၊ အဓိကတော့ အခြေခံမီးဘေးသင့်ပြည်သူတွေလိုအပ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငါးပိ၊ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ခရမ်းခေါင်းသီး၊ အားလူး၊ အသားတု စတဲ့စားနပ်ရိက္ခာတွေကို သွားရောက်လှူဒါန်းခဲ့တာပါ၊ ဆန်ဆိုရင် ၁ အိမ်ထောင်ကို ၄ ပြည်နှုန်း ပေးလှူဒါန်းခဲ့ပါတယ်။” လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။


ဒီထောက်ပံ့မှုဟာ အဆိုပါဒေသခံတွေအတွက် ခဏတာအဆင်ပြေနိုင်ပေမယ့် ရေရှည်နေထိုင် စားသောက်ဖို့ကတော့ အခက်အခဲတွေရှိနေသေးတယ်လို့ ဆိုပါတယ်။
“ကျနော်တို့လည်း တတ်နိုင်တာပဲလုပ်ရတာဆိုတော့ ပြည်သူမှပြည်သူသို့ အစီအစဉ်နဲ့ လုပ်ရတဲ့ အနေအထားဆိုတော့ ခေတ္တခဏ ၁ ရက်တန် ၂ ရက်တန်အထိတော့ သူတို့စားရေး သောက်ရေးတော့ အဆင်ပြေကောင်းပြေလိမ့်မယ်၊ ဒါပေမဲ့ ရေရှည်မှာတော့ အိမ်ရဲ့ ပိုင်ဆိုင်မှုတွေအကုန်လုံး ဆုံးရှုံးသွားတာဆိုတော့ သူတို့ဘဝတွေအတွက်က အခက်အခဲတွေ အများကြီးရှိပါတယ်။” လို့ သူက ပြောပါတယ်။


လက်ရှိမှာ နေအိမ်တွေမီးရှိ့ခံထားရတာကြောင့် အရိပ်ရှိတဲ့နေရာတွေမှာ နေထိုင်နေကြရပြီး နေစရာလည်း အခက်တွေ့နေတယ်လို့ သိရပါတယ်။
“ပြီးရင် သူတို့မှာ လွန်တီးခေါင်ပြင်ထဲမှာ နေရပြီး တဲလောက်တောင် မထိုးနိုင်ဘဲ အရိပ်ရှိတဲ့နေရာမှာ ဖြစ်သလို မိသားစုတွေ နေထိုင်ရတာ၊ တော်တော်လေး ခက်ခဲကြမ်းတမ်းကြပါတယ်၊ မီးဘေးသင့် ပြည်သူတွေရဲ့ အနေအထားကိုကြည့်ရတာ ရင်နာစရာလည်းကောင်းပါတယ်။” လို့ ဆိုပါတယ်။


အဆိုပါကျေးရွာ ၂ ရွာကို အခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ စစ်ကော်မရှင်တပ်တွေက စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၂၀ ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။
စာတည်း – လင်း