စစ်တပ်က ၄ ကြိမ်မြောက်မီးရှို့ခဲ့တဲ့ သာဂရရွာ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သာဂရကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၁၅ ရက် ဒီနေ့မနက် ၈ နာရီလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကံသစ်ရွာကနေတဆင့် သာဂရကျေးရွာကို မနေ့က ဇွန်လ ၁၄ ရက် ညနေပိုင်းမှာ ဝင်ရောက်လာကာ တညအိမ်စခန်းချခဲ့ပြီးနောက် ဒီနေ့မနက် ၈ နာရီလောက်မှ နေအိမ် ၆ လုံးကို မီးရှို့ပြီး ရွာကနေ ပြန်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ရွာထဲမှာ သူတို့ရဲ့ခွေးအလောင်းတွေကို မီးရှို့တယ်။ ရွာထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းက မှန်ဗီဒိုတွေလည်း ရိုက်ခွဲသွားတယ်။ ရွာထဲမှာရှိတဲ့ ရွာသားတွေရဲ့ နေအိမ်တွေကိုလည်း ဖျက်ဆီးသွားတယ်။ တခုမှ ရစရာမရှိအောင် လုပ်သွားတယ်။ မွှေလည်းမွှေနှောက်သွားကြတယ်။ အခုရွာထဲကို အိမ်ထောင်စု တရာလောက်ကတော့ ပြန်ရောက်ပြီ”လို့ သာဂရ ဒေသခံတဦးက ပြောပါတယ်။

သာဂရကျေးရွာက နေအိမ်တွေကိုမီးရှို့ပြီးနောက် အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ရေဦးနယ်ထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အိမ်မီးရှို့ခံလိုက်ရတဲ့ ရွာသားအချို့ကတော့ ရွာထဲကိုပြန်လည်ဝင်ရောက်လာပြီး ထန်းလက်တွေနဲ့ ယာယီတဲတွေဆောက်လုပ်နေကြတယ်လို့ သာဂရဒေသခံတဦးက ဆက်ပြောပါတယ်။ သာဂရကျေးရွာကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးနေတာဟာ အခု ၁ ကြိမ်နဲ့ဆိုရင် ၄ ကြိမ်မြောက်ရှိပါပြီ။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ နေအိမ် ၄၀ နီးပါး၊ နိုဝင်ဘာလမှာ နေအိမ် တလုံးနဲ့ ကွမ်းခြံတဲ ၁ လုံး၊ ၂၀၂၃ ဇွန်လ ၄ ရက်မှာ နေအိမ် ၁၀၀ ကျော်နဲ့ ဇွန်လ ၁၅ ရက်ဒီနေ့မှာ နေအိမ် ၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သာဂရကျေးရွာဟာ ခင်ဦးမြို့နယ်အနောက်ဘက် ၅ မိုင်အကွာမှာတည်ရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်မှာ လူဦးရေ ၂ ထောင်လောက်နေထိုင်တဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။