မြေလတ်အသံ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၆။
ရှော့တိုက်ဒုံးထိမှန်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ် စစ်ဆေးရုံမှာလူနာကြည့်ရှုခဲ့ကြောင်း စစ်တပ်ပိုင်မြဝတီရုပ်သံက ယမန်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။
နန်းတွင်းအခြေစိုက် အမှတ် ၁ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ ၁) ဆေးရုံမှာ တက်ရောက်နေတဲ့ လူနာတွေကို တိုင်းမှူး တင်မင်းလတ် က ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်မှာ သွားရောက်ကြည့်ရှုခဲ့တယ်လို့ ညပိုင်းသတင်းရုပ်သံမှာ ထုတ်ပြန်လာတာပါ။

ဇန်နဝါရီ ၂၇ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေတဲ့ မန္တလေးနန်းတွင်း လပခအတွင်းကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း လပခတိုင်းမှူးနေအိမ်ထိမှန်ခဲ့ပြီး ဗိုလ်မှူးချုပ်အဆင့်ထက်မနိမ့်သော စစ်အရာရှိကြီး ၁ ဦးထိမှန်ကာ ပြင်ဦးလွင်စစ်ဆေးရုံကို ပို့ဆောင်ထားရကြောင်း BWM အဖွဲ့က သတင်းထုတ်ပြန်လာပြီးနောက် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ် ရှော့ဒုံးထိမှန် ဒဏ်ရာစိုးရိမ်ရတယ်ဆိုကာ သတင်းတွေ ဆက်လက်ထွက်ပေါ်လာတာပါ။
စစ်ကော်မရှင်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ နန်းတွင်း လပခ ကို ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုမရှိကြောင်း၊ သတင်းမှားများဖြစ်ကြောင်း ၎င်းတို့ကို ထောက်ခံရေးသားနေတဲ့ သတင်းမီဒီယာတွေကတဆင့် ငြင်းဆန်ထားပါတယ်။

လပခနဲ့ ကျုံးမြို့ရိုးအနီးနေထိုင်သူမန္တလေးမြို့ခံတဦးကတော့ အခင်းဖြစ်နေ့က နန်းတွင်းလပခနဲ့အနီးတဝိုက်မှာ ပေါက်ကွဲသံတစုံတရာမကြားရကြောင်း ပြောပါတယ်။
” ကျုံးတောင်ဘက်ရော မြောက်ဘက်ရော ဘာသံမှမကြားပါဘူး။ ၂၈ ရက်နေ့က မြို့ထဲနေရာ ၄ ခုလောက်ကို စစ်တပ်က ဝင်စီးတာတော့ကြားလိုက်တယ်။ ကျန်တာတော့ဘာမှမကြားဘူး” လို့ သူက ပြောပါတယ်။
1 comment
MRTV, MWD သတင်းဌာနတွေရဲ့
သတင်းတင်ဆက် ဖေါ်ပြမှုတွေသည်
တိကျ မှန်ကန်မှုရှိပါရဲ့လား ?
ယခင်အဆက်ဆက်ကတည်းက
ယင်းသတင်းဌာနများ၏ သတင်းဖေါ်ပြမှုများသည် လိုအပ်သလို ဖြတ်ညှပ်ကပ်ဖေါ်ပြတတ်သောသဘောရှိ၏
အထူးသဖြင့် ဌာနဆိုင်ရာသတင်းများသည် အထက်အမိန့်အတိုင်း လူထုယုံကြည်မှုရှိစေရန်အသားပေးဖေါ်ပြလေ့ရှိသည့်အတိုင်း
နိုင်ငံတကာသတင်းနယ်ပယ်တွင်လည်း
အာဏာသိမ်းစစ်အစိုးရ၏လုပ်ဆောင်မှုကိုပေါ်လွင်စေရန်ဇောင်းပေးဖေါ်ပြမှုကိုသာအလေးထားသည့်အတွက် သတင်း
နှင့် သတင်းဓါတ်ပုံများကို လိုသလိုဆွဲယူဖေါ်ပြတတ်ကြသည်မှာ အစဥ်အလာကြီးမားလာခဲ့သည် ။