ဇော်လေးနိုင်ဇာတ်သဘင်ကား တိမ်းမှောက်မှု ၈ ဦးသေဆုံးပြီး ၂၀ နီးပါးဒဏ်ရာရ

0 83
0 83

■ ကားမှောက်နေချိန် ခရီးသွားကားတွေကူညီမှုမရှိတာကြောင့် သေဆုံးမှုပိုများခဲ့ဟုဆို

မြေလတ်အသံ၊ ဇန်နဝါရီ ၂၉၊ ၂၀၂၆ ။

နေပြည်တော်ကောင်စီနယ်မြေ၊ တောင်တွင်းကြီး-တောင်ညိုလမ်းပိုင်းမှာ “ဇော်လေးနိုင်ဇာတ်သဘင်အဖွဲ့” ကားတိမ်းမှောက်ခဲ့ကာ ၈ ဦးသေဆုံးပြီး ၂၀ နီးပါးဒဏ်ရာရတယ်လို့ ဇာတ်အဖွဲ့သားတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက် ယမန်နေ့ညနေ ၃ နာရီခွဲခန့်မှာ ဇာတ်အဖွဲ့သား ၂၇ ဦးလိုက်ပါလာတဲ့ အဲ့ဒီဇာတ်သဘင်ကားဟာ တောင်တွင်းကြီးကနေ နေပြည်တော်ကို မောင်းနှင်လာတာဖြစ်ပြီး ဂွေးချိုကျေးရွာအနီး ကုန်းအဆင်းအရောက်မှာ ချောက်ထဲကိုထိုးကျတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

” ဇာတ်ကားက ကုန်းအဆင်းမှာ ဘရိတ်ပေါက်သွားတာ။ ကားကလည်ပြီး ချောက်ထဲထိုးကျသွားတာ။ ချောက်ကတော့ တော်တော်နက်တယ်။ ညကအလောင်း ၃ လောင်းက ဖော်မရဘူး။ ဒီမနက်မှရတယ်။ ညကချက်ချင်းသယ်နိုင်တာက ၅ လောင်းပါ” လို့ ဇော်လေးနိုင်ဇာတ်အဖွဲ့သားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဇာတ်သဘင်ကားတိမ်းမှောက်ချိန်မှာ ကားပေါ်ကနေ လမ်းမပေါ် ပြုတ်ကျခဲ့တဲ့ ဒဏ်ရာရဇာတ်သဘင်အဖွဲ့ဝင်တချို့ရှိပြီး အဲ့ဒီဇာတ်အဖွဲ့ဝင်တွေက ဖြတ်သွားဖြတ်လာကားတွေကိုအကူညီတောင်းခံပေမယ့် ကူညီမပေးတာကြောင့် ညနေ ၆ နာရီကျော်မှ ကယ်ဆယ်ရေးကားတွေရောက်ရှိပြီး သေဆုံးသူပိုများခဲ့တာလို့ ဆိုပါတယ်။

” ကားမှောက်ပြီးတော့ ကားသုံးလေးစီး ဖြတ်သွားတယ်။ အကူအညီတောင်းတယ်။ ဘယ်သူမှမရပ်ပေးဘူး။ စပ်စုပြီးထွက်သွားတယ်။ ခရီးသည်အန်တီကြီးတယောက်က သူကထားခဲ့မယ်ဆိုရင်တောင် နေခဲ့မယ်ဆိုပြီး ဆင်းကျန်ရစ်ပြီး ဖုန်းဆက်ပေးလို့ အကူအညီတွေရောက်လာကြတာ”လို့ အထက်ပါဇာတ်အဖွဲ့ဝင်ကဆက်ပြောပါတယ်။

ကားတိမ်းမှောက်တာကြောင့် ဇာတ်အဖွဲ့ဝင် အသက် ၂၀အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၆၀ အရွယ်အမျိုးသမီး ၁ ဦးနဲ့ အသက် ၃၀ ကနေ ၄၀ ကြားအမျိုးသား ၆ ဦးသေဆုံးခဲ့ပြီး ကားပေါ်ပါ ကလေးငယ်တွေအပါအဝင် ၁၉ ဦးထိခိုက်ဒဏ်ရာရကာ ကားလည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ကားမှောက်လို့ ထိခိုက်ဒဏ်ရာရသူတွေကိုနေပြည်တော်ပရဟိတအဖွဲ့တွေနဲ့ မီးသတ်တပ်ဖွဲ့တွေက ကူညီကယ်ဆယ်ပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကိုပို့ဆောင်ပေးထားရပြီး ဆေးကုသမှုခံယူနေကြတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။