နတ်သံကွင်း တိုက်ပွဲကြောင့် ထွက်ပြေးရသူတွေထဲ ဒေသခံပြည်သူ ၄၅၀၀ ​ကျော် နေရပ်မပြန်နိုင်သေး

0 1
0 1

ပဲခူး၊ ဇွန် ၈၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့တိုက်ပွဲကြောင့် ထွက်ပြေးနေရသူတွေအနက် နေရပ်မပြန်နိုင်သေးတဲ့ ပြည်သူ ၄၅၀၀ ကျော်ရှိတယ်လို့ KNU ဗဟိုက ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၆ ရက် မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်တွေက နတ်သံကွင်းရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာ ၅ ခုကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေခဲ့ရတာပါ။

“တိုက်ပွဲစဖြစ်ကာစက ထွက်ပြေးတဲ့ ပြည်သူတွေက သောင်းကျော်မယ်။ ခုတော့ အခြေအနေလည်း အနည်းငယ်ငြိမ်သက်နေပြီဆိုတော့ အချို့ကျတော့ မြို့ပေါ်ပြန်လာနေကြပြီ။ ရွာတွေဘက်လည်း ပြန်သူတွေရှိနေပြီ။ စဖြစ်တုန်းကတော့ မြို့ပေါ်ကသူတွေတောင် ပြေးကြရတယ်။” လို့ KNU တပ်မဟာ ၃၊ တပ်ရင်း ၉၊ အမှတ် ၂ စစ်ဒေသ၊ စစ်ဆင်ရေးနယ်မြေ ပြောရေးဆိုခွင့်ရှိသူက ​ပြောပါတယ်။

အဲဒီ တိုက်ပွဲတွေကြောင့် နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စတဲ့ ကျေးရွာ​တွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာပါ။

(K.N.L.A) တပ်မဟာ (၃) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီတပ်ရဲ့ ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိ ရဲနဲ့ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း)နှင့် ဘုံသတောစခန်း တို့ကို တိုက်ခိုက်ခဲ့ပြီး နတ်သံကွင်းတံတား၊ အုန်းနဲပင်နှင့် နယွဲပင်ကြားရှိ တံတားနှင့် သာစည်နှင့်တာဆုံကြားရှိ တံတားတို့ကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးတော့ “ကျနော်တို့ ရည်မှန်းချက်ကလည်း စကစ ထောက်ပို့လမ်းကြောင်းသုံးနေတဲ့ တံတားတွေ ဖျက်ဖို့ပဲ။ မစ်ရှင်လည်း အောင်မြင်ခဲ့တယ်။ တံတားမိုင်းခွဲဖို့ ကုန်ကျစရိတ်ကလည်း ဘတ် ၅၀၀၀၀ လောက်ရှိခဲ့တယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်သားစုစုပေါင်း (၄၀)ဦး သေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (K.N.L.A) တပ်မဟာ(၃) လက်အောက်ခံ ပူးပေါင်းတပ်ဘက်မှ အသက်ပေးလှူခဲ့ရသူ ၄ ဦးရှိပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် G 3 ၁လက်၊ MA 1 ၁လက်၊ MA 3 ၁လက်၊ MA 4 ၁လက်၊ MA ကျည်ဘောက် ၁၀ခု၊ MA ကျည် (၅.၅၆) ၃၈၄ တောင့်၊ M16 ကျည်ဘောက် ၁ခု၊ စကစယူနီဖောင်း ၆စုံ၊ M 14 မိုင်း၆၀လုံး၊ ကျောပိုးအိတ် ၆လုံး၊ 79 ကျည် ၁လုံး၊ မိုင်းရှာစက် ၂စုံ၊ ယမ်းကူး ၁၅ခု၊ ပိုက်ဆံ ၄၈၀၀၀ ကျပ် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။