ချောက်၊ ဇန်နဝါရီ ၂၀၊ ၂၀၂၆။
မကွေးတိုင်း၊ ချောက်မြို့ကထွက်လာတဲ့ စစ်ကော်မရှင်ကား ၁ စီးကို ကျောက်ပန်းတောင်း-ချောက်၊ အမှတ် ၂ ပြည်ထောင်စုလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မကွေးခရိုင် အမှတ် ၃ တပ်ရင်း ဆီက သိရပါတယ်။
ဇန်နဝါရီ ၁၈ ရက် နေ့လယ် ၁၁ နာရီ ၄၀ မိနစ်မှာ ချောက်မြို့ကနေလာတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကော်မရှင် ကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ပြီး ၁၅ မိနစ်ကြာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကားနဲ့ ကျနော်တို့ဖြစ်တဲ့နေရာက ၁၀ မီတာလောက်ပဲကွာတာ၊ ကားအတွင်းထဲအထိ ကျနော်တို့ လက်ပစ်ဗုံးတွေ ပစ်ထည့်နိုင်ခဲ့တယ်၊ ကားလည်း စုတ်ပြတ်သတ်သွားတယ်၊ သေဆုံးတာမှာ ဗိုလ်အိမ် ၆၀ က ဗိုလ် ၁ ဦးပါတာ အတည်ပြုပါတယ်၊ ကျောက်ပန်းတောင်းဘက်ကနေ စစ်ကူယာဉ်တန်းတွေ ရောက်လာတာရယ် ချောက်ဘက်ကနေ သံချပ်ကာကားတွေ တက်လာတာကြောင့် အလုံးစုံမရဘဲ ပြန်ဆုတ်ပေးခဲ့ရတယ်”လို့ မကွေးခရိုင် အမှတ် ၃ တပ်ရင်း တပ်ရင်းမှူးက ပြောပါတယ်။
အဲ့ဒီစစ်ကော်မရှင်အဖွဲ့တွေဟာ ချောက်မြို့၊ အမှတ် ၁၅ ရပ်ကွက် ဗိုလ်အိမ် ၆၀ မှာနေထိုင်နေကြတဲ့ ခလရ ၁၃ နဲ့ ဝါဇီတပ်က တပ်သားတွေဖြစ်ပြီး သေဆုံးမှုကိုမျက်မြင်အတည်ပြုနိုင်တာလို့ သူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မကွေးခရိုင် အမှတ် ၃ တပ်ရင်း (CRA) ၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း ၊ SR-7 မကွေးတိုင်းအထူးလှုပ်ရှားတပ်ရင်းတို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်ဘက်က ဒဏ်ရာရတဲ့သူနဲ့ သေဆုံးအလောင်းတွေကိုတော့ စစ်ကူယာဉ်တန်းတွေနဲ့ ချောက်ဘက်ကို ပြန်သယ်သွားတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ချောက်မြို့ခံတဦးကတော့ “အဲ့ဒီနေ့ကတော့ အဲ့ဒီလမ်းပိုင်းမှာ ကားတွေ ခဏတော့ ပိတ်တယ်၊ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်၊ ဘယ်အဖွဲ့က တိုက်တယ်ဆိုတာတော့ မသိဘူး၊ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေ ဆေးရုံပို့တာတော့ မကြားဘူး၊ ၆ ဦးလောက်သေတယ်လို့တော့ ကြားတယ်၊ ဘယ်ဘက်က သေတယ်ဆိုတာတော့ မသိဘူး”လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်ကလည်း ချောက်မြို့ကနေ စလေ ခလရ ၄၁၆ ဘက်ကို စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၇၀ လိုက်ပါလာတဲ့ Light truck ကား ၂ စီးကို Chauk Guerrilla Foce (ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
တည်းဖြတ် – M