ရွှေဘို၊ ဇန်နဝါရီ ၁၉၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မင်းကုန်းကျေးရွာအနီး ရွှေဘို-ဆိပ်ခွန်လမ်းပိုင်းမှာ သက်ကြီးပိုင်း အမျိုးသား ၁ ဦး မိုင်းထိပြီးသေဆုံးသွားတယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ဒေသခံတွေဆီက သိရပါတယ်။
ဆိပ်ခွန်ကျေးရွာနေ အသက် ၆၀ ကျော်အရွယ်ရှိ ဦးစိုးတင့် ဟာ ဇန်နဝါရီ ၁၇ ရက်ညနေ ၆ နာရီကျော်မှာ ရွှေဘိုဘက်ကနေ ဆိပ်ခွန်ဘက်ကိုဆိုင်ကယ်နဲ့ပြန်လာချိန် မင်းကုန်းဘုန်းကြီးကျောင်း အနောက်ဘက် လမ်းမပေါ်အရောက်မှာ မိုင်းထိခဲ့ပြီး ခန္ဓာကိုယ်အနှံမိုင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
“အနားဝန်းကျင်ရှိတဲ့သူတွေက သူကိုပြောသေးတယ်တဲ့ မိုင်းရှိတယ်မသွားတော့နဲ့ပြောတာကို ဖြတ်သွားတာမှာထိတာ။ ဒီဘက်ဒေသမှာက ကားလမ်းပေါ်သွားနေတဲ့သူတွေက ညနေ ၅ နာရီခွဲရင် မသွားကြတော့တာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ဒေသခံတဦးက ပြောပါတယ်။
ဦးစိုးတင့်အလောင်းကို မိသားစုဝင်တွေကပြန်ကောက်ယူပြီး ဇန်နဝါရီ ၁၈ ရက်က ကျေးရွာမှာပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။
အဆိုပါလမ်းပိုင်းဟာ စစ်ကော်မရှင်တပ်ရော၊ ဒေသကာကွယ်ရေးအဖွဲ့တွေကပါ သွားလာလှုပ်ရှားနေတဲ့ လမ်းပိုင်းဖြစ်လို့ ဘယ်အဖွဲ့ဘက်ကထောင်ထားတဲ့မိုင်းလဲဆိုတာ မသိရသေးဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။
ဧပြီ ၂၈ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ကွေ့တက်ကြီးကျေးရွာမှာ မခေါက်ကျေးရွာ ပျူစောထီးအဖွဲ့ကလာချတဲ့ ဒရုန်းဗုံးထိမှန်လို့ မိသားစုဝင် ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း